ပျော်ဘွယ်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို ပန်းချီပြိုင်ပွဲနှင့် ဟောပြောပွဲကျင်းပ

ပျော်ဘွယ် ဇွန် ၁၆

၂၀၂၂ ခုနှစ် ဇွန်လ (၂၆) ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို ပန်းချီပြိုင်ပွဲနှင့်ဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအတွက် ခေတ်အဆက်ဆက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများနှင့် လူငယ်များအနေဖြင့် မူးယစ်ဆေးသုံးစွဲမှုမရှိစေရန် ရှောင်ရှားရမည့်နည်းလမ်းတို့ကို ဆွေးနွေး ဟောပြောပြီး ပန်းချီပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ စိတ်ကြိုက်ပန်းချီရေးဆွဲခြင်းကိုကျင်းပရာ အလယ်တန်း အဆင့် ကျောင်းသား၊ ကျောင်းသူစု စုပေါင်း (၂၀) ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် အခမ်းအနားသို့တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ရုံးတွင်ပြသထားသည့် မူးယစ်ဆေးဝါး အန္တရာယ်ဆိုင်ရာ မှတ်တမ်းဓာတ်ပုံများ၊ နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြောင်းသိရသည်။

မင်းမင်းထွေး (ပျော်ဘွယ်)