တောင်ဥက္ကလာပ ဇွန် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် (၅)နှစ်မှ အသက်(၁၂)နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ပထမအကြိမ်ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉:၀၀)နာရီကစ၍ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများ၌ ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်မြတ်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲမှူး ဦးစိုးညွှန့်ဦး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးအေးမိုး၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်အေးဝင်းတို့ကကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်တွင် အသက်(၅)နှစ်မှ အသက်(၁၂)နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ထိုးနှံပေးလျက်ရှိကြောင်း၊ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ထိုးနှံသူ ကျောင်းသား၊ ကျောင်းသူ မြင်သာမြို့ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ(၂၇၆)ဦး၊ OiAC ကိုယ်ပိုင်ကျောင်းမှ(၁၃၆)ဦး၊ Tr.Thuzar ကျောင်းမှ(၄၉)ဦး၊ မြတ်ရတနာလဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ(၃၂)ဦးနှင့် StarDom ကိုယ်ပိုင်ကျောင်းမှ(၂၇)ဦးတို့အား အသီးသီးထိုးနှံပေးခဲ့ပြီး စုစုပေါင်း(၅၂၀)ဦးအား ပထမအကြိမ်ဆက်လက်ထိုးနှံပေးခဲ့ကြောင်း၊ ဆေးထိုးရန်ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သတင်းရရှိသည်။
ခင်ဆွေနှင်း (ပြန်/ဆက်)