မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာ ၃၅ ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မည်

မိတ္ထီလာ  ဇွန်  ၁၆

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေး၌ ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း ၁၀၀ နှုန်း ပံ့ပိုးပေးပြီး ခရိုင်အတွင်းရှိ ကျေးရွာ ၃၅ ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။

၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာတစ်ရွာလျှင် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀၀ နှုန်းဖြင့် မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာ ၃၅ ရွာတွင် ကျေးလက်နေပြည်သူများမှ တင်ပြထားသော ကျေးရွာ၏ အမှန်တကယ်ဆောင်ရွက် ပေးရန် လိုအပ်သည့် ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊ ကျေးရွာမီးလင်းရေး လုပ်ငန်းများ၊ ကျေးလက်ရေ ရရှိရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း စသည်တို့ကို ကျေးရွာနေဒေသခံ ပြည်သူများ၏ ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။

ယင်းသို့ ဆောင်ရွက်ရာတွင် မိတ္ထီလာခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာမြို့နယ်တွင် ခင်တဲ၊ ထန်းတော၊ ပျဉ်သာ၊ မြင်းကန်၊ ကျောက်ဖြူကုန်း၊ ကျီးပင်ခွ၊ ကံကောင်း၊ သိမ်းကုန်း၊ ဥယျာဉ်ကုန်း၊ ပန်းတိမ်ကုန်း၊ နွားစမ်းတောင်၊ သဖန်းခါးကုန်း၊ ချောင်းခွ၊ ညောင်ကိုင်း၊ ထနောင်းကုန်း၊ မကျီးပင်တဲကျေးရွာများနှင့် မလှိုင်မြို့နယ်တွင် ညောင်ကုန်း၊ ထန်းပင်ကောက်၊ သပြေလှ၊ ကျွဲခြံ၊ ဖန်းခါးပင်၊ လယ်ဗျား၊ ရွာသစ်၊ ရေနီ(န)ကျေးရွာတို့တွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်သည်။ ၎င်းအပြင် သာစည်မြို့နယ်တွင် ဇီးပင်ပေါက်၊ ရွာမွန်သာ၊ ချမ်းသာကြီး၊ သံပွေ့၊ သက်သော့၊ ပျော်ကုန်း၊ အုတ်ဖိုကျေးရွာများနှင့် ဝမ်းတွင်းမြို့နယ်တွင် ဇီးကုန်း၊ ညံကန်၊ ရွှေကူ၊ ငွေဘုံသာကျေးရွာများတွင် အကောင်အထည်ဖော်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)