မွန်ပြည်နယ် ၀န်ကြီးချုပ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ပါ၀င်ယှဉ်ပြိုင်မည့် မွန်ယိမ်းအက ပြိုင်ပွဲအတွက် မွန်အက နည်းပြသင်တန်းဆင်းပွဲတက်ရောက်

မော်လမြိုင် ဇွန်၁၆

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး  ပြိုင်ပွဲတွင် ပါ၀င်ယှဉ်ပြိုင်မည့် မွန်ယိမ်းအက ပြိုင်ပွဲအတွက် မွန်အက နည်းပြသင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန်လ ၁၅ ရက်နေ့ နေ့လည် ၃ နာရီ အချိန်က ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ၀န်ကြီးချုပ် တက်ရောက်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မွန်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်းက သင်တန်းဆင်း အမှာစကားပြောကြားရာတွင် နိုင်ငံတော်အဆင့် ကျင်းပပြုလုပ်မည့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွင် တိုင်းရင်းသားအကများကို ထည့်သွင်းကျင်းပလျက်ရှိရာ ယခုနှစ်တွင် မွန်ရိုးရာအကပြိုင်ပွဲကို ဗဟိုအဆင့်တွင် ထည့်သွင်းကျင်းပရန် သတ်မှတ်ပြီးဖြစ်သည့်အတွက် မွန်ပြည်နယ်အနေဖြင့် ဂုဏ်ယူ၀မ်းမြောက်ဖွယ်ဖြစ်ပါကြောင်း ကိုယ့်ပြည်နယ်ရဲ့ ယဉ်ကျေးမှုအကကို အခြားတိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ၀င်ရောက် ယှဉ်ပြိုင်ကပြရမှာဖြစ်တဲ့အတွက် မွန်ပြည်နယ်နှင့် မွန်လူမျိုးတို့အတွက် ဂုဏ်ယူစရာ ပြိုင်ပွဲကြီးတစ်ခု ဖြစ်ပါကြောင်း မွန်အကပြိုင်ပွဲ၀င်မည့် တိုင်း/ပြည်နယ်များသို့ သွားရောက်သင်ကြားပေးမည့် နည်းပြများအနေဖြင့် စနစ်တကျ ပြန်လည်သင်ကြား ပို့ချနိုင်ရန်အတွက် ယခုသင်တန်းကို မြို့နယ်အသီးသီးမှ အတွေ့အကြုံရှိသူများကို စုစည်းပြီး ပြည်နယ်အစိုးရ၏ ကြီးကြပ်မှုဖြင့် နည်းပြသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း အကနည်းပညာများကို စနစ်တကျ နားလည်တတ်ကျွမ်းအောင် ပြန်လည်သင်ကြားပေးခဲ့ပြီး သင်တန်းတွင် လူရွေးချယ်သည့်စနစ်၊ မွန်အခြေခံကကြိုးများ၊ ကကွက်ပုံဖော်ခြင်း၊ အခြေခံမျက်နှာအလှပြင်နည်း၊ မွန်ရိုးရာ၀တ်စားဆင်ယင်ပုံ စသော ဘာသာရပ်များကို သင်ကြားပေးခဲ့ကြောင်း သင်တန်းသားများအနေဖြင့် မိမိကျရာ ပြည်နယ်များမှာ စနစ်တကျ ပြန်လည် သင်ကြားပေးရန်လိုအပ်ပါကြောင်း ကိုယ့်ရိုးရာ ယဉ်ကျေးမှုအကကို ဖော်ထုတ်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ယဉ်ကျေးမှုဖြင့် စည်းရုံး ဆွဲဆောင်နိုင်တာကို လက်တွေ့မြင်ကြရမှာဖြစ်တယ် ယနေ့အချိန်မှာ တိုင်းတစ်ပါး ယဉ်ကျေးမှုများက နည်းမျိုးစုံနဲ့ ထိုးဖောက်လာနေတဲ့အချိန်မှာ ရိုးရာယဉ်ကျေးမှုကို မျိုးချစ်စိတ်ဆိုတဲ့စိတ်နဲ့ ခုခံကာကွယ်နေရချိန်မှာ မိမိရိုးရာယဉ်ကျေးမှု ပညာရပ်များကို တိုင်းရင်းသားလူမျိုးအလိုက် ဖော်ထုတ်ထိန်းသိမ်းခွင့်ရတဲ့ အချိန်ဖြစ်ပါကြောင်း ရိုးရာယဉ်ကျေးမှု အမွေအနှစ် ရေရှည်တည်တံ့ခိုင်မြဲဖို့ လက်ဆင့်ကမ်းချင်တဲ့စိတ်နဲ့ သင်ကြားပေးသလို သင်ယူသူများကလည်း လက်ဆင့်ကမ်း သင်ကြားနိုင်အောင် သင်ယူခြင်းဖြင့် ပညာရပ်တစ်ခုကို ထိန်းသိမ်းရာရောက်ပြီး အကျိုးကျေးဇူးများစွာရရှိတဲ့ သင်တန်းဖြစ်ပါတယ် မိမိပြည်နယ်ရဲ့ဂုဏ် မိမိလူမျိုးရဲ့ဂုဏ်ကို မြှင့်တင်ဖော်ထုတ်ရာ ရောက်တဲ့အပြင် မိမိယဉ်ကျေးမှုကို ဖော်ထုတ်ပေးတဲ့သူအဖြစ် အမြဲတမ်း ဂုဏ်ယူနေရမှာဖြစ်ပါကြောင်း အခြားပြည်နယ်သို့ ရောက်ရှိချိန်မှာလည်း စည်းကမ်းတကျ နေထိုင်သွားလာပြီး မွန်လူမျိုးတို့၏ ငြိမ်းချမ်းဖော်ရွေတဲ့ သရုပ်ကိုပြသကြပါ မွန်အကများကို စနစ်တကျ သင်ကြား‌ပေးပြီး  မိမိယဉ်ကျေးမှုကို ဖော်ထုတ်ပြသကြပါ ပြည်နယ်ဂုဏ်ကို မြှင့်တင်ပေးသူများအဖြစ် ပြည်နယ်အစိုးရအဖွဲ့မှ မှတ်တမ်းတင် ထားရှိသွားမှာဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ထိုနောက် သင်တန်းတွင် သင်တန်းပို့ချပေးခဲ့ကြသော နည်းပြဆရာမများအား ဂုဏ်ပြုဆုငွေများကို  တာ၀န်ရှိသူများက ပေးအပ်ချီးမြှင့်ကာ သင်တန်းသား တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ယခုနှစ်ပြိုင်ပွဲအတွက် စံအကအဖြစ် သတ်မှတ်ဖြန့်ဝေမည့် မွန်ယိမ်းအကဖြင့် ကပြဖျော်ဖြေပေးခဲ့ပြီး သင်တန်းသားများနှင့် နည်းပြဆရာမများက ပြည်နယ်၀န်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့၀င် ၀န်ကြီးများအား ဂါရ၀ပြု နှုတ်ဆက်ခဲ့ကြကြောင်း သိရှိရသည်။

ခင်စန်းမြင့် ခရိုင်ပြန်/ဆက်