ရန်ကုန် ဇွန် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ အသက်နှစ်နှစ်အောက် ကလေးငယ်များ ကျန်းမာကြံ့ခိုင်သော ကလေးငယ်များ မွေးဖွားလာစေရန်၊ မွေးဖွားပြီးစမှ အသက်နှစ်နှစ်အောက် ကလေးငယ်များအား ရောဂါဘယကင်းရှင်းစေရန် ရည်ရွယ်၍ ပုံမှန် ကာကွယ်ဆေးများ တိုက်ကျွေး၊ ထိုးနှံခြင်းလုပ်ငန်းမျာကို ယနေ့နံနက်(၉)နာရီအချိန်က အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် တိုက်ကျွေး၊ ထိုးနှံလျက်ရှိသည်။
ပုံမှန်ကာကွယ်ဆေးများကို လစဉ်တိုက်ကျွေး၊ ထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး(စီမံ/ဘဏ္ဍာ) ဒေါက်တာမိုးမိုးမြင့်နှင့် ဝန်ထမ်းများက မွေးကင်းစမှ အသက်နှစ်နှစ်အောက် ကလေးငယ်များအား ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ မေးခိုင်ရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ဝက်သက်ရောဂါ၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ပိုလီယိုရောဂါ ကာကွယ်ဆေးစသည်တို့ကို တိုက်ကျွေး၊ ထိုးနှံ ပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်လျက်ရှိသည်။
အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် လစဉ်ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်နှစ်နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေး၊ ထိုးနှံခြင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် ပြည်သူများနှင့်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းခြင်း၊ သုံးရေများအတွင်း အဘိတ်ဆေးခတ်စသည့်လုပ်ငန်းများနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို