မြစ်သား ဇွန် ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ဆီးချို၊ သွေးတိုးရောဂါဝေဒနာရှင်မိဘပြည်သူများအား ကျန်းမာရေး(အခမဲ့)ကုသပေးခြင်းကို မြို့နယ်ပြည်သူ့ ဆေးရုံကြီး၌အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ကုသဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နေ့လည်ပိုင်းထိ ဆီးချို၊သွေးတိုးရောဂါ ဝေဒနာရှင် (၇၄)ဦးရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြစ်သားမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာ ဘုန်းမြတ်ကိုက မိဘပြည်သူများအနေဖြင့် ဆီးချို၊ သွေးချိုရောဂါကာကွယ်နိုင်ရန်အတွက် ကိုယ်လက်လှုပ်ရှားမှုအနဲဆုံး နာရီဝက်ပြုလုပ်ရန်၊ အသီးအရွက်များများစားပေးရန်၊ ချိုလွန်းငန်လွန်းသောအစားအစာများမစားသုံးရန်၊ ရေများများ သောက်သုံးရန်၊သန်ရှင်းလတ်ဆတ်သောအစားအစာများကိုရွေးချယ်စားသုံးရန်၊ ဆီးချို သွေးတိုးရောဂါဖြစ်လျှင် မှန်မှန်ပြသခြင်းဖြင့် နောက်ဆက် တွဲရောဂါဆိုးများမဖြစ်ရန်၊ ကြိုတင် ကာကွယ်နိုင်ကြစေရန် အသိပညာပေးဆွေးနွေးပြောကြားသည်။ ထို့နောက် ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာဘုန်းမြတ်ကို နှင့်ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများမှ လာရောက်ပြသကြသည့် ဆီးချို၊သွေးတိုးရောဂါ ဝေဒနာရှင်မိဘ ပြည်သူများအား သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ဆီးချို သွေးချိုရှိ/မရှိစစ်ဆေးပေးခြင်း၊ ရောဂါအလိုက်လိုအပ်သည့်ဆေးဝါးများဖြင့် ကုသပေးခြင်းနှင့်လေ့ကျင့်ခန်း ပြုလုပ်ခြင်းများဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ရောဂါဝေဒနာရှင်များအတွက် ကျန်းမာရေး(အခမဲ့)စစ်ဆေးပေးခြင်းကို ဇန်နဝါရီ(၅)ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းနေ့စဉ်နံနက်(၉)နာရီမှ(၁၂)နာရီအထိ ဆီးချို၊ သွေးတိုးရောဂါဝေဒနာရှင်များအတွက် ကျန်းမာရေးအခမဲ့စစ်ဆေးဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးမှူးထံမှသိရသည်။
သီတာအောင်(မြစ်သား)