နောင်ချို ဇွန် ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (အကြို)ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက မူးယစ်ဆေးဝါးဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ မြန်မာနိုင်ငံသို့ မူးယစ်ဆေးဝါးရောက်ရှိလာမှု အခြေအနေများ၊ မူယစ်ဆေးဝါးသုံးစွဲရသည် အကြောင်းအရင်းနှင့် သွင်ပြင်လက္ခဏာများ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများ၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေးလုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများအား ပြန်လည်မေးမြန်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့သည်။
၎င်းနောက် ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသော နံရံကပ်စာစောင်၊ ဓါတ်ပုံ၊ စာအုပ်စာစောင်များအား ကြည့်ရှု့လေ့လာခဲ့ကြသည်။ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ စာအုပ်စာစောင်ပြပွဲသို့ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)မှ ကျောင်းသား၊ ကျောင်းသူ (၂၀)ဦး တက်ရောက်ခဲ့ကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေ ဖတ်ရှုလေ့လာပြီး မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များကို ရှောင်ရှားနိုင်ရန်ရည်ရွယ်၍ ယနေ့အခမ်းအနားကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
ထွေးငယ်(ပြန်/ဆက်)