မိုင်းခုတ်မြို့၌ တစ်ပိုင်တစ်နိုင်ပဲတောင့်ရှည်စိုက်ပျိုးခင်းများ အောင်မြင်ဖြစ်ထွန်း

မိုင်းခုတ် ဇွန် ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိရာ တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသည့် ပဲတောင့်ရှည်အပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

''ပဲတောင့်ရှည်အပင်တွေကိုတော့ အစေ့ပျိုးထုတ်တွေ ဝယ်ယူပြီး စိုက်ပျိုးပါတယ်၊ ပျိုးစေ့ထုတ်ကတော့ တစ်ထုတ်ကို ငါးရာကျပ်ပေးပြီးဝယ်ရတယ်၊ စတင်စိုက်ပျိုးပြီး တစ်လခွဲခန့်အကြာမှာတော့ စတင်ခူးဆွတ်ရောင်းချပါတယ်၊ ပဲတောင့်ရှည်အပင်တွေက ရေကြိုက်တယ်၊ ရေလောင်းရတယ်၊ ရေကောင်းကောင်းမရရင် ပိုးထိုးတယ်၊ အရင်းအနေနဲ့ကတော့ ပျိုးစေ့ဖိုးနှစ်ထောင့်ငါးရာကျပ် လောက်ရင်းလိုက်ရင် ငါးသောင်းကျပ် ဝန်းကျင်ခူးဆွတ်ရောင်းချရတယ်၊ (၁၂)နှစ်ရာသီစိုက်ပျိုးပါတယ်၊ ဒီတစ်ခါစိုက်ပျိုးချိန်မှာ မိုးကျစောတော့ ပဲပင်တွေလည်း ပိုးမထိုးတော့ဘူး၊ အရမ်းလည်းသီးတော့ တစ်သိန်းကျပ်ဝန်းကျင်လောက်ရမယ်လို့ ခန့်မှန်းထားပါတယ်''ဟု တစ်ပိုင်တစ်နိုင် ပဲတောင့်ရှည်စိုက်ပျိုးရောင်းချသူ အမှတ်(၂)ရပ်ကွက်မှ ဒေါ်အားမီကပြောသည်။

မိုင်းခုတ်မြို့တွင်  ပဲတောင့်ရှည်အပင်များကို (၁၂)ရာသီစိုက်ပျိုးကြကြောင်း၊  စည်ပင်သာယာဈေးမရှိသဖြင့် ပလိုင်းထဲတွင် ပဲတောင့်ရှည်များကို စီးကာတစ်စီးလျှင် ငါးရာကျပ်ဖြင့် တစ်အိမ်တက်ဆင်း လိုက်လံရောင်းချကြကြောင်း၊ စီးပွားဖြစ် စိုက်ပျိုးရောင်းချခြင်းမရှိသော်လည်း မိမိတို့၏မြေကွက်လပ်တွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)