ဝမ်းတွင်း ဇွန် ၁၆
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် ကိုင်းကျေးရွာအုပ်စု ဖွေးစုံကုန်း(ပြည့်စုံကုန်း)ကျေးရွာတွင် Cash For Work စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာဖွံ့ဖြိုးရေးကော်မတီဖွဲ့စည်းခြင်းများကို ယမန်နေ့က အဆိုပါကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ Cash For Work စီမံကိန်းနှင့် ပတ်သက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးက ၂၀၂၂-၂၀၂၃ ဘဏ္ဍာ ရေးနှစ်တွင် Cash For Work စီမံကိန်းကို မြို့နယ်အတွင်းရှိ ဖွေးစုံကုန်း(ပြည့်စုံကုန်း)ကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယင်းသို့ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၁၀၀ ဖြင့် သတ်မှတ်ချက်နှင့် ကိုက်ညီသော ကျေးရွာ၏ လိုအပ်ချက်များကို ကျေးရွာလူထုကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်စေပြီး၊ ကိုဗစ်-၁၉ ကာလအတွင်း ဝင်ငွေနည်း ကျေးလက်နေ ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလှမ်းများ ဖော်ဆောင်ပေးခြင်းဖြင့် ဝင်ငွေရရှိစေရန်နှင့် ကျေးရွာအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် Cash For Work စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းနောက် ကျေးရွာလူထု၏ဆန္ဒဖြင့် ကျေးရွာဖွံ့ဖြိုးရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီး ကျေးရွာတွင်အကောင် အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းခွဲကို ရွေးချယ်ခဲ့ကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် Cash For Work စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် ကိုင်းကျေးရွာအုပ်စု ဖွေးစုံကုန်း(ပြည့်စုံကုန်း)ကျေးရွာတွင် အိမ်ခြေ ၃၃၅ အိမ်၊ လူဦးရေ ၁၅၉၃ ဦးရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)