ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်  ဦးသိန်းလွင် မုဒုံမြို့၌ အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်သင်ကြားနေမှုနှင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မုဒုံ ဇွန် ၁၆

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်သည် မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် ကျိုက်ကာကျေးရွာတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ် သင်ကြားနေမှုကို ယမန်နေ့က တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် သင်တန်းဖွင့်လှစ်သင်ကြားနေမှုများနှင့်ပတ်သက်၍ မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး မိဝတ်ရည်မွန်က ရှင်းလင်းတင်ပြကာ ညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကို ရပ်မိ/ရပ်ဖ ကော်မတီအဖွဲ့ဝင်များနှင့်အတူ  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး သင်တန်းသူများ ချုပ်လုပ်ထားသည့် အင်္ကျီများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ လက်တက်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ချေးငွေများဖြင့်ဆောင်ရွက်ထားသော စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လအလိုက်ဖြည့်သွင်းရမည့် ငွေစာရင်းပုံစံများ ပြည့်စုံမှု ရှိ/မရှိ စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ လက်တက်ကျေးရွာသည် အိမ်ခြေ ၅၃၇ အိမ်၊ လူဦးရေပေါင်း ၂၃၉၃ ဦးနေထိုင်သော ကျေးရွာဖြစ်ပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်းငွေကျပ် သိန်း(၃၀၀)ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှစ၍ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ လက်ရှိအချိန်တွင် အတိုးရငွေကျပ် (၁၇၈၈၀၀၀)ထိ တိုးပွားလာကြောင်း၊ ထို့အပြင် ကျေးရွာအတွင်းရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းလည်ပတ်ရန်ပုံငွေကျပ် (၃၀၅) သိန်းကို အသင်းသားဦးရေ(၇၆)ဦးအား ပြန်လည်ထုတ်ချေးပေးပြီးဖြစ်ကြောင်းသိရသည်။

မုဒုံမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ကျေးရွာပေါင်း (၁၉)ရွာမှ အသင်းသားဦးရေ စုစုပေါင်း ၁၈၅၃ ဦးအား မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ( ၈၁၆  ဒသမ  ၂၁ )ကျပ်သန်းအား ထုတ်ချေးခဲ့ပြီး စီမံကိန်းအတိုးရ ငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် လမ်းတံတားလုပ်ငန်း ကိုးခု၊ ရေပေး ရေးလုပ်ငန်း နှစ်ခု၊ အခြားလုပ်ငန်းနှစ်ခု စုစုပေါင်း လုပ်ငန်း (၁၃)ခုတို့ကို အကောင်အ ထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  သိရှိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)