ရန်ကုန် ဇွန် ၁၆
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးဖွင့်လှစ်သည့် ဗုဒ္ဓဘာသာအဆင့်မြင့်ယဉ်ကျေးမှုသင်တန်း အမှတ်စဉ်(၂)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်လွဲ၁နာရီတွင် စေတီတော်မြောက်ဘက်မုခ်ရှိ ထီးတော်ရုံတန်ဆောင်း၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးဌေးလှိုင်က ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရုံး ဝန်ထမ်းများ ဗုဒ္ဓဝေယျာဝစ္စများ ဆောင်ရွက်ရာတွင်လည်းကောင်း၊ ဘုရားဖူးများကို ဝန်ဆောင်မှုပေးရာတွင် လည်းကောင်း၊ မြန်မာ့ယဉ်ကျေးမှုနှင့် ကိုက်ညီပြီး အဆင့်အတန်း မြင့်မားလာစေရန် လည်းကောင်း ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက်သင်တန်းနည်းပြ ဆရာကြီးဦးဟန် (မဟာသဒ္ဓမ္မဇောတိကဓဇ) က သင်တန်းဖွင့်လှစ်သင်ကြားရခြင်းနှင့် ပတ်သက်၍ မုဒိတာစကား ပြောကြားသည်။
အဆိုပါ သင်တန်းသို့ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကရုံးမှ ဝန်ထမ်း သင်တန်းသား သင်တန်းသူ ၃၉ ဦး တတ်ရောက်ကြပြီး သင်တန်းကာလမှာ ယမန်နေ့မှ ဇွန် ၂၇ ရက်အထိ ရက်သတ္တ နှစ်ပတ်ဖြစ်ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)