တံတား ဇွန် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာစွာပညာသင်ကြားနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းမှစတင်ကာ ပထမအကြိမ်ထိုးနှံပေးခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ ပညာရေးဌာနမှတာဝန်ရှိသူများပေါင်းစပ်၍ ကျောင်းသား၊ ကျောင်းသူများတွင် နှာခေါင်းသွေးလျှံခြင်း၊ ခေါင်းမူးခြင်း၊ တစ်ပတ်အတွင်းဖျားနာခြင်းရှိသူများအား ဆေးထိုးနှံခြင်းမပြုဘဲ ကျန်းမာရေးကောင်းသော ကျောင်းသား၊ ကျောင်းသူများကို ကာကွယ်ဆေးမထိုးနှံမီ ကျန်းမာရေးစစ်ဆေးခြင်းဆိုင်ရာအချက်အလက်များကို မိဘအုပ်ထိန်းသူများက သဘောတူလက်မှတ်ရေးထိုးခြင်း ဆောင်ရွက်ပြီးမှသာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ကျောင်းသား၊ ကျောင်းသူ (၂၆၀)ဦးအား ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် တံတားမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပြီး သတ်မှတ်ရက်အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ကျန်းမာရေးဆိုင်ရာစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မိုးဖြူလွင် (တံတား)