ဥတ္တရခရိုင်ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းပြုလုပ်   

ဥတ္တရသီရိ ဇွန်၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်ပြည်သူ့စာကြည့်တိုက်၌ စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက စာရေးဆရာ ဗညားကျန်းထော ရေးသားသည့် “နိုင်ငံကြီးသားစိတ်ဓာတ်” ဆောင်းပါးဖြင့် စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရုံးမှ တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏  ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။        

ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် ဥတ္တရသီရိမြို့နယ် စာအုပ်၊ စာစောင်ချစ် မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်စာရေးဆရာ၊ ဆရာမ များဖြစ်ကြသည့် မေချို(ပျဉ်းမနား)၊ ဒေါ်နန်းဝင်းဝင်းစိန်(ရဿဝတီမေနန်း)၊ ဦးစိန်းဝင်းနွယ် (စိန်ဝင်းနွယ် ဘာသာ ပြန်) ဦးခင်မောင်ကျော်(ဆရာရဲမွန်ကျော်)၊ ခိုင်မင်း(နေပြည်တော်)၊   ဦးဌေးအောင်၊ ဦးမောင်မောင် တာ(သဘာဝ)၊ မောင်လေပြေ(တောင်တွင်း)နှင့် စာပေဝါသနာရှင်များက စာရေးဆရာ ဗညားကျန်းထောရေးသားသည့် “နိုင်ငံကြီးသားစိတ်ဓာတ်” ဆောင်းပါးပါ အကြောင်းအရာများ တွင်ပါဝင်သည့် အောင်မြင်သောပုဂ္ဂိုလ်မှန်သမျှ စာများစွာဖတ်ကြကြောင်း၊ ထူးချွန်သူမှန်သမျှ က စာဖတ်သောအကျင့်စွဲကြပြီး ဆင်းရဲစဉ်ကလည်းစာများများဖတ်ကြောင်း၊ အောင်မြင်လာစဉ် အချိန်များတွင်လည်း စာအဆက်မပြတ်ဖတ်ကြကြောင်း၊လူတိုင်းလူတိုင်း ပြည်သူတိုင်းက နေ့စဉ် သောက်ရေအိုးက ရေသောက်ဖြည့်တင်းနေကြသကဲ့သို့ စာအုပ်စာစောင်ဖတ်ရှု လေ့လာခြင်းဖြင့် မိမိဘဝကိုပိုမိုလှပသန်မာကြံ့ခိုင်အောင် ဆောင်ရွက်ကြစေလို ကြောင်းစသည့် အကြောင်းအရာများကို  အသီးသီးဆွေးနွေးခဲ့ကြသည်။

အဆိုပါစာဖတ်ဝိုင်းသို့ နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာများ၊ ဥတ္တရသီရိမြို့နယ် (Book Club)အဖွဲ့ဝင်များ၊စာပေဝါသနာရှင်များနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၄၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်စွာဟိန်း(ပြန်/ဆက်)