မောင်တော ဇွန် ၁၆
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ်နှင့် (၁၂)ကြားရှိ ကျောင်းသား/သူများအား (ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက သတ်မှတ်ကျောင်း စုရပ်နေရာများတွင် ဆက်လက် ထိုးနှံပေးခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ဆရာ၊ ဆရာမများမှ စာရင်းများမှတ်ယူခြင်း၊ ကျောင်းသားမိဘများထံမှ ခွင့်ပြုချက်ရယူခြင်း၊ ကျန်းမာရေးဝန်ထမ်းများက လာရောက်ထိုးနှံသည့် အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ်နှင့် (၁၂)ကြားရှိ ကျောင်းသား/သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီးသည့် ကျောင်းသား/သူများကို မိနစ် ၃၀ ခန့် အနားယူစေကာ ကာကွယ်ဆေးထိုးနှံနေမှုများအား ဌာနဆိုင်ရာများ၊ ဆရာ/မများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။
မောင်တောမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရမည့် အခြေခံပညာကျောင်းများဖြစ်သော ကျောက်လှေကား(မူလွန်)ကျောင်း၊ တမန်းသား(နတလ) အမကခွဲကျောင်း၊ တရိန်းမြို(အမက)ကျောင်း၊ ရန်ခါလီ(အမက)ကျောင်း၊ စံပြကညင်တန်း(မူလွန်)ကျောင်းများရှိ အသက်(၅)နှစ်နှင့် (၁၂) ကြားရှိ ကျောင်းသား/သူများအား ယမန်နေ့ နံနက်ပိုင်းက ကျောင်းသား/သူ ၁၀၉၂ ဦးအား ဆက်လက် ထိုးနှံပေးခဲ့ပြီး ဇွန်လ ၂ ရက်နေ့မှ ၁၅ ရက်နေ့ထိ အခြေခံပညာကျောင်းများရှိ ကျောင်းသား/သူ ၁၃၈၄၃ ဦးအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးပြီးဖြစ်ရာ ကျန်ရှိသူ ကျောင်းသား/သူများအား ဆက်လက် ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
အောင်ကျော်စိန်၊ သက်လွင်စိုး
ခရိုင်(ပြန်/ဆက်)