ကျောက်တံတား ဇွန် ၁၅
“ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့” ဆောင်ပုဒ်နှင့် အညီ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ခုဖြစ်သောကြောင့် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်နိုင်ရေးအတွက် ရန်ကုန်အနောက်ပိုင်း ခရိုင်၊ ကျောက်တံတားမြို့နယ်အတွင်းရှိ အမှတ်(၁)အခြေခံပညာ မူလတန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinophram)ကို ယနေ့ နံနက် ၁၀ နာရီက စတင်ကာပထမအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အခြေခံပညာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်း ကူညီဆောင်ရွက်မှုဖြင့် ကျောင်းသား (၂၀) ဦး၊ ကျောင်းသူ (၃၀) ဦး စုစုပေါင်း (၅၀) ဦးအား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
ရွှေဇင်ခိုင်(ပြန်/ဆက်)