ခရမ်း ဇွန် ၁၅
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် အသက်(၅)နှစ်မှ ၁၂နှစ်အရွယ် ကျောင်းသား/သူများ ကျန်းမာစွာပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများက ဆေးထိုးအဖွဲ့များခွဲကာ သက်ဆိုင်ရာကျောင်းများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm အား ပထမအကြိမ်အဖြစ် ထိုးနှံပေးနေကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့မကျန်းမာရေးမှူး ဒေါ်ဥမ္မာဦးမှ ကြီးကြပ်၍ သူနာပြုဆရာမများက ကျောင်းသား/သူများအား ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးမထိုးနှံမီ ကျန်းမာရေးစစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကို မိဘအုပ်ထိန်းသူများက သဘောတူလက်မှတ်ရေးထိုးခြင်း၊ မှတ်တမ်းရေးသွင်းခြင်းများ ဆောင်ရွက်ပြီးမှသာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြသည်။
ခရမ်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်၅နှစ်မှ ၁၂နှစ်အရွယ် ကျောင်းသား/ သူများကို သက်ဆိုင်ရာကျောင်းများအရောက် ရက်များသတ်မှတ်၍ ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သိရသည်။
ကိုမင်း (ခရမ်း)