ကွမ်းခြံကုန်း ဇွန် ၁၅
၂၀၂၂ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက် ၂၅ နှစ်အောက် အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဝန်ကြီးချုပ်ဖလားဆုရရှိသော ကွမ်းခြံကုန်းမြို့နယ်အမျိုးသမီးအသင်းဂုဏ်ပြုပွဲအား ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမတွင် ယမန့်နေ့ကကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးထွန်းဝင်းစိုးမှ ဂုဏ်ပြုအမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးရဲတင့်က ကွမ်းခြံကုန်းမြို့နယ်သည် အားကစားသမားကောင်းများ ပေါ်ထွက်သည့်အစဉ်အလာများရှိခဲ့ကြောင်း၊ ယခုဆုရရှိသည့်အားကစားသမားများအနေဖြင့် ဆုများဆက်လက်ရရှိအောင် ကောင်းသောယှဉ်ပြိုင်မှုများဖြင့် ကြိုးစားလိုကြောင်းနှင့် မြန်မာ့အားကစားကမ္ဘာ့ကိုလွှမ်းရမည့်ဆိုသည့်အတိုင်း အားကစားသမားကောင်းများ ဆက်လက်မွေးထုတ်ရန်လိုအပ်ကြောင်း ပြောကြားသွားကြောင်း သိရသည်။
ဆက်လက်၍ အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဆုရရှိသောမစန်းသီတာမိုး၊ မသင်းမြတ်သူ၊ မပီတိဝေ၊ မလင်းလင်းထက်၊ မရွှေယမင်းဖြိုး၊ နည်းပြဦးအောင်သန်းလှိုင်နှင့် အုပ်ချုပ်သူဒေါ်နန့်လင်းလင်းဝင်းတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးထွန်းဝင်းစိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်ကြီးသီဟန်းထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးရဲတင့်နှင့် ဌာနဆိုင်ရာများက ဂုဏ်ပြုဆုများအသီးသီးပေးအပ်ချီးမြှင့်ကြောင်း သိရသည်။
ဆွေနွယ် (IPRD)