နမ့်စန်တွင် ကျောင်းသားကျောင်းသူများကို မူးယစ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အကြိုအသိပညာပေးဟောပြော၍ နံရံကပ်စာစောင်များပြသ

နမ့်စန်() ဇွန် ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီက ဝမ်ပိန်းကျေးရွာအုပ်စု၊ ပန်လင်းဆိုင်ကျေးရွာရှိ လွယ်ငင်းကြီး အခြေခံပညာအလယ်တန်းကျောင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာအောင်က လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေး စတင်သုံးစွဲရသည့်အကြောင်းအရင်းများ၊ မူးယစ်ဆေးသုံးစွဲမှုကြောင့်ဖြစ်ပေါ်လာသည့် ထိခိုက်ပျက်စီးမှုများနှင့် မသုံးစွဲမိစေရန် ဆောင်ရန်၊ ရှောင်ရန်စသည်တို့ကို အသိပညာပေးဟောပြောခဲ့ သည်။

ထိုနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မေပြုံးပွင့်အောင်နှင့် ဝန်ထမ်းများက ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းသိကောင်းစရာများနှင့် အခြားအသိပညာပေး နံရံကပ်စာစောင်များ ပြသပေးခြင်း၊ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းနှင့် စာဖတ်ဝိုင်းများပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သူရအောင်(ပြန်/ဆက်)