လမ်းမတော်မြို့နယ်တွင် ကာကွယ်ဆေးမထိုးနှံရသေးသူ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

လမ်းမတော် ဇွန် ၁၅

ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် လမ်းမတော်မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေး မထိုးနှံရသေးသူ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၉ နနာရီအချိန်က ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနရုံးတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ ကာကွယ်ဆေးမထိုးနှံရသေးသော  အသက် ၁၈ နှစ်အထက်ပြည်သူများအား First Dose အသက်(၁၈)နှစ်အထက် ဆေးထိုးနှံသူ(၃၀)ဦး၊ အသက်(၁၂)နှစ် နှင့် (၁၇)နှစ်ကြား ထိုးနှံသူ (၉)ဦး၊  Second Dose  အသက်(၁၈)နှစ် အထက် (၃၁)ဦး၊ Booster Dose (၁၈၀)ဦး၊ စုစုပေါင်း(၂၅၀)ဦးအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးတွင်း အောက်ဆီဂျင်ပမာဏ တိုင်းတာခြင်းနှင့် ကာကွယ်ဆေးထိုးမှတ်တမ်းတွင် စာရင်းရေးသွင်းစေခြင်း၊ ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကာကွယ်ဆေး ထိုးပြီးချိန်တွင်လည်း နာရီဝက်ခန့် စောင့်ကြည့်၍ လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်း၊   QR Code စနစ်ပါဝင်သည့် မှတ်တမ်းစာရွက်များ ပြုလုပ်နိုင်ရေး စာရင်းရေးသွင်းခြင်း နှင့်   QR Code စနစ်ပါဝင်သည့် မှတ်တမ်းစာရွက်များအား ပေးအပ်ခြင်းတို့ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် မြို့နယ်အတွင်းရှိ ပရဟိတအသင်း အဖွဲ့ဝင်များက ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆောင်ရွက်ပေးခဲ့သည်။

လမ်းမတော်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများအတိုင်း တိကျစွာ လိုက်နာနေထိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား အကြိမ်ပြည့်ထိုးနှံနိုင်ရေး အသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တာဝန်ရှိသူများ ပူးပေါင်းကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်ဆန်းမြင့်