ဥတ္တရသီရိ ဇွန် ၁၅
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ နေပြည်တော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက ဥတ္တရသီရိမြို့နယ် အမှတ်(၁၂)အခြေခံပညာ အထက်တန်းကျောင်း အစည်း အဝေးခန်းမ၌ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက အမှာစကားပြောကြားရာတွင် ယနေ့ကမ္ဘာကြီးပူနွေးလာမှုနှင့်အတူ လေထုညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှု၊ နယ်စပ်ဖြတ်ကျော် မီးခိုးညစ်ညမ်းမှု၊ သစ်တောပြုန်းတီးမှု၊ သဲကန္တာရဖြစ်ထွန်းမှု၊ မြေဆီလွှာပြုန်းတီးမှု၊ စွမ်းအင်ကျပ် တည်းမှု၊အက်ဆစ်မိုးရွာ သွန်းမှု၊ အိုဇုန်းလွှာပျက်စီးမှု၊ အဆိပ်သင်မှု၊ မြို့ပြဒေသပတ်ဝန်းကျင်ယို ယွင်းမှု၊ သောက်သုံးရေမသန့်ရှင်းမှု၊ ပလပ်စတစ်နှင့်စွန့်ပစ်အမှိုက်ပြဿနာများ များပြားလာမှု၊ ဇီဝမျိုးစုံမျိုးကွဲများ မျိုးသုဉ်းပျောက်ကွယ်လာမှု၊ ကူးစက်မြန် ဗိုင်းရပ်(စ်)ရောဂါများ ဖြစ်ပေါ်မှု၊ စသည့် ဆိုးရွားသည့်ပတ်ဝန်းကျင်ဆိုင်ရာပြဿနာရပ်ပေါင်းများစွာရင်ဆိုင်ကြုံတွေ့နေရကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်ဆွေက ဌာန၏လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောကြားကာ ဇွန်လ ၅ ရက်နေ့တွင်ကျရောက်ခဲ့သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မှတ်တမ်း Video Click အားပြသခဲ့ပြီး နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းမှ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးစာအုပ်များအား ကျောင်းစာကြည့်တိုက်သို့လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုက လက်ခံရယူသည်။
ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းအားကျင်းပရာ နေပြည်တော်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦးမှ “ Only One Earth” တစ်ခုတည်းသောကမ္ဘာမြေ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ နေပြည်တော်ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်စဝ်မြတ်မာလာက အမှိုက်နှင့်ကြွပ်ကြွပ် အိတ်စနစ်တကျစွန့်ပစ်ခြင်း ခေါင်းစဉ် ဖြင့်အသီးသီးဟောပြောခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူ များအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဗဟုသုတမေးခွန်းများမေးမြန်းခြင်း၊ ဖြေကြားခြင်း၊ အမှိုက်များခွဲခြားခြင်းနှင့် အမှတ်တရဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကျော်စွာဟိန်း(ပြန်/ဆက်)