တာမိုးညဲမြို့၌ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းနေအရွယ်ကလေးများအားလုံး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး

တာမိုးညဲ ဇွန် ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့အသင်းတော် အခြေပြုပညာရေးစင်တာ၌ ယနေ့နံနက် ၉ နာရီ အချိန်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းနေအရွယ် ကလေးများအားလုံး  ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းနေအရွယ်ကလေးများအားလုံး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm)ထိုးနှံပေးခြင်းမှာ ကလေးငယ်များကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး၊ ကလေးငယ်များကျန်းမာကြံ့ခိုင်၍ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးတို့ကို ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို တာမိုးညဲမြို့ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီကဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းဌေးနှင့်ဝန်ထမ်းများ၊ တာမိုးညဲမြို့အသင်းတော် အခြေပြု  ပညာရေးစင်တာမှ ဆရာဆရာမများက ကိုဗစ်ကာကွယ်ဆေးထိုးကြမည့် ကလေးသူငယ်ကျောင်းသား/ကျောင်းသူများအား ဆေးမထိုးမီ မိဘအုပ်ထိန်းသူများ၏ သဘောတူညီချက်များရယူပြီး ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်သန့်စင်စေခြင်း၊ စာရင်းအချက်အလက်များကောက်ယူခြင်း၊ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပေးခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးချိန်တွင် ခေတ္တအနားယူစေခြင်း စသည့်လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာဆေးထိုးအဖွဲ့များမှ အထက်တန်းသူနာပြု  ဒေါ်လှကြည်နှင့်  အထက်တန်းသူနာပြု ဒေါ်ဟေမာန်ဦးတို့က အသင်းတော်အ​ခြေပြု ပညာရေးစင်တာရှိ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၆၅ )ဦးတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm )အမျိုးအစား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ခေါန်မိုင်၊(တာမိုးညဲ)