မန်ကန် ဇွန် ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မက်မန်းခရိုင်၊ မန်ကန်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းသား/ကျောင်းသူများအား အခက်အခဲမရှိ ပညာသင်ကြားနိုင်စေရေးအတွက် ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က မန်ကန်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်မင်းထွန်း၊ စခန်းမှူး ရဲအုပ်လင်းအောင်၊ သက်ဆိုင်ရာတပ်ရင်း/တပ်ဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသားမိဘများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ကျောင်းဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ စုစုပေါင်းအင်အား ၁၂၀ ဦးခန့်တက်ရောက်ခဲ့ပြီး မန်ကန်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း၌ (၂၀၂၂-၂၀၂၃) ပညာသင်နှစ်တွင် ပညာသင်ယူနေသော ကျောင်းသား/ကျောင်းသူများအား အခက်အခဲမရှိ ပညာသင်ကြားနိုင်စေရေးအတွက် ကျောင်းသုံးစာရေးကိရိယာများဖြစ်သော ဗလာစာအုပ် (၁၃၃) ဒါဇင်၊ ခဲတံ (၄၈)ဒါဇင်၊ ပေတံ အချောင်း(၁၀၀)၊ ခဲချွန် (၅)ဘူး စုစုပေါင်းတန်ဖိုး (၆၉၁၉၀ဝ) ကျပ် တိတိတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မန်ကန်(ပြန်/ဆက်)