မုဒုံ ဇွန် ၁၅
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးမှု ပြုစုပျိုးထောင်ရေး၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းကို သိရှိနိုင်စေရန်နှင့် မြို့နယ်အတွင်း ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဖြစ်ပေါ်လာပါက ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ယနေ့နံနက် ၈ နာရီခွဲက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကို ရွှေဟင်္သာခန်းမ၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် မွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ဝင်းက လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းကြီး (၇)ရပ်၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ (၂၀၁၉) နောက်ခံသမိုင်းကြောင်း၊ ကလေးသူငယ်၏ အကောင်းဆုံး အကျိုးစီးပွား ဖြစ်ထွန်းရေး၊ ခွဲခြားသတ်မှတ်မှုမရှိစေရေး၊ အသက်ရှင်သန်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ကလေးသူငယ်၏ ထင်မြင်ယူဆချက်များကို အလေးပေးရေး၊ အခွင့်အရေး (၄) မျိုး အကြောင်း၊ ကလေးများအပေါ် ညှင်းပန်းခြင်း၊ ရုပ်ပိုင်း/ စိတ်ပိုင်းဆိုင်ရာ၊လိင်ပိုင်းဆိုင်ရာ စော်ကားညှင်းပန်းခြင်းများအကြောင်း၊ အလုပ်လုပ်ကိုင်ခြင်းနှင့် အဆိုးဝါးဆုံးပုံစံဖြင့် အလုပ်ခိုင်း စေခြင်း၊ အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ခြင်း၊ ကလေးသူငယ်နှင့် လက်နက်ကိုင် ပဋိပက္ခများအကြောင်း၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေများ အကြောင်း စသည့်အကြောင်းအရာများကို အကျယ်တဝင့် ပါဝါပွိုင့်ဖြင့် ရှင်းလင်းပြောကြား ခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ ရပ်ကွက်/ ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူး (၄၂) ဦးက တက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)