ကာမိုင်းမြို့ပေါ်ရပ်ကွက်အတွင်း ရေများဝင်ရောက်ခဲ့၍ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ပေ(၉၀၀)တံတားချဉ်းကပ်ကားလမ်း ရေတိုက်စားသွားသဖြင့် အလျဉ်အမြန် ပြုပြင်ဆောင်ရွက်

ကာမိုင်း ဇွန် ၁၅

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ပေါ်ရပ်ကွက်အတွင်း လူနေအိမ်များထဲသို့ ရေများဝင်ရောက်ခဲ့သဖြင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများကို ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲခန့်က ကာမိုင်းမြို့ အုပ်ချုပ်ရေးမှူးဦးဆောင်သည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီအသင်းအဖွဲ့တို့ ပူးပေါင်းကာ သွားရောက် ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

အဆိုပါအဖွဲ့ဝင်များက စက်လှေဖြင့် လှည့်လည်ကြည့်ရှုခဲ့ရာတွင် ချောင်းရေအခြေအနေမှာ အတက်အကျမရှိရပ်တန့်နေပြီး လတ်တလောအခြေအနေတွင် ရေများဝင်ရောက်နေသည့် ရပ်ကွက် အတွင်းရှိ အိမ်ထောင်စုများအား ကယ်ဆယ်ရေးစခန်းသို့ ရွှေ့ပြောင်းပေးနိုင်ရေးအတွက် လှည့်လည် ကြည့်ရှုမေးမြန်းခဲ့ရာ ပြောင်းရွှေ့ရန် မလိုအပ်သေးကြောင်းတွေရှိရပြီး ရေမလွတ်နိုင်သည့် အနိမ့်ပိုင်းတွင် နေထိုင်သော အိမ်ထောင်စုအနည်းငယ်သာ ပြောင်းရွှေ့ရန်လိုအပ်သဖြင့် ၎င်းပူးပေါင်းအဖွဲ့မှ မြေအမြင့်ပိုင်းရှိ နီးစပ်ရာဆွေမျိုးများ၏ နေအိမ်များသို့ ယာယီပြောင်းရွှေ့ ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် လဝါး-ကာမိုင်းသွားကားလမ်းပေါ်ရှိ ပေ(၉၀၀)တံတားချဉ်းကပ်ကားလမ်းနှင့် တံတားရေလည်တိုင်အား  တိုက်စားမှုမရှိစေရေးအတွက် သဲကျောက်များအား ပိုလိဖက်အစများဖြင့် ထိန်းအုပ်ကာရံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဇွန်လ(၁၃)ရက်နေ့တွင် တံတားအထက်ပိုင်း လုပ်ငန်းပြီးစီးခဲ့ပြီး ကျန်ရှိတံတားအောက်ပိုင်းအား မျောတိုင်များဖြင့် ပိုင်ရိုက်၍ သဲကျောက်အိတ် များနှင့် ကာရန်ခြင်းလုပ်ငန်းများကို မြို့အုပ်ချုပ်ရေးမှူးဦးဆောင်သည့် အဖွဲ့နှင့် လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက အလျဉ်အမြန်ဆောင်ရွက်ခဲ့ကြကြောင်း မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

လဆိုင်း(ပြန်/ဆက်)