ပုဇွန်တောင် ဇွန် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့်မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၁၁ နာရီက မူလတန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဟန်စုယဉ်က ကျောင်းသား/ကျောင်းသူများအား ပြိုင်ပွဲတွင် သတ်မှတ်ထားသည့်စည်းကမ်းချက်များအား ရှင်းလင်းပြောကြားကာ ပြိုင်ပွဲကို ကျင်းပခဲ့ပြီး ဆုရရှိသည့် ကျောင်းသား/ကျောင်းသူလေးများကို ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို အနာဂတ်မျိုးဆက်သစ် ကျောင်းသား/ကျောင်းသူလူငယ်များ အသိပညာဗဟုသုတ မြင့်မားတိုး တက်စေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှု နှင့်ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းမှ မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူလေးများ လာရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သတင်းရရှိသည်။
ဟန်စုယဉ်