ရန်ကုန် ဇွန် ၁၅
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန က ကြီးမှူး၍ ပင်လယ်ငါးဖမ်း ရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း (၄/၂၀၂၂)ကို ကြို့ကုန်းအနောက်ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ ငါးလုပ်ငန်းအတတ်သင်သိပ္ပံ (ကြို့ကုန်း)၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ရေလုပ်သားများအနေဖြင့် ပင်လယ်ပြင်တွင် ကြုံတွေ့ရသည့် အခက်အခဲများ ဖြေရှင်းနိုင်ရန်၊ ရေလုပ်သားများနှင့်ပတ်သက်သည့် ဥပဒေ၊ ကျန်းမာရေးနှင့် ပတ်သက်သည့် အသိပညာ၊ ပင်လယ်ပြင်၌ တွေ့ကြုံရမည့်နည်းလမ်းများနှင့် လုပ်ငန်းခွင်အရည်အသွေးများ တိုးတက်လာစေရန် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ရခြင်းဖြစ်ပြီး ပင်လယ်ငါးဖမ်း ရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင် ကျွမ်းကျင်မှုသင်တန်းများကို မေလ(၁၉)ရက်နေ့က (၁/၂၀၂၂)ဖြင့် လည်းကောင်း၊ မေလ (၂၈)ရက်နေ့ က (၂/၂၀၂၂)ဖြင့် လည်းကောင်း၊ ဇွန်လ (၉)ရက်နေ့က (၃/၂၀၂၂)ဖြင့် လည်းကောင်း အသီးသီးဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ဇွန်လ(၁၆)ရက်နေ့တွင် (၄/၂၀၂၂)ကို ရေလုပ်သားသင်တန်းသား (၃၀)ဦးဖြင့် နံနက်(၈)နာရီအချိန်မှ ညနေ(၄)နာရီခွဲအချိန်အထိ တစ်ရက်တာသင်တန်းအဖြစ် ကျွမ်းကျင်သင်တန်း ဆရာ၊ဆရာများက ဆိပ်ကမ်းအကြောင်း၊ မီးဘေးကာကွယ်ရေး၊ ရှေးဦးပြုစုခြင်း၊ ငါး၊ ပုစွန်များ ကိုင်တွယ်ခြင်း၊ အရည်အသွေးထိန်းသိမ်းခြင်းနှင့် ရေကြောင်းပညာပေးစသည့် ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများကို သင်ကြားဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)