တိုက်ကြီးမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

တိုက်ကြီး ဇွန် ၁၅

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အသက် ၅ နှစ်မှ အသက် ၁၂ နှစ်အထိ ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ  ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ကွင်းဆင်းထိုးနှံပေးလျက်ရှိရာ ဇွန် ၁၅ ရက် နံနက်ပိုင်းက တိုက်ကြီးမြို့နယ် က္ကံမြို့အတွင်းရှိ အခြေခံပညာမူလတန်းကျောင်း (ကရင်-အင်ကုန်း)၊ အခြေခံပညာမူလတန်းကျောင်း (တောညို)၊ အခြေခံပညာမူလတန်းကျောင်း (ဘွက်ကုန်း) နှင့် ဗန္ဓုလရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း အမှတ် (၆) နှင့် အမှတ် (၉)တို့၌ အသက် ၅ နှစ်မှ အသက် ၁၂ နှစ်အထိ ကျောင်းသားကျောင်းသူ စုစုပေါင်း ၂၂၂ ဦးတို့ကို ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ကွင်းဆင်းထိုးနှံပေးသည်။

အဆိုပါ ကို​ဗစ်-၁၉ ရောဂါကာကွယ်ဆေးများ အခြေခံပညာကျောင်းများ၌ ကွင်းဆင်းထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဆရာ ဆရာမများ၊ ရပ်ကွက်/ကျေးရွာ အထောက်အကူပြုအဖွဲ့များနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စန်းကလျာခိုင်