ဥတ္တရသီရိ ဇွန် ၁၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် သရက်တောကျေးရွာအုပ်စု၊ သရက်တောကျေးရွာရှိ တောင်သူအသိပညာပေးစင်တာ(KC)၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက မိုးစပါးထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပသည်။ အခမ်းအနားတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဉီးဇေယျာလင်းက အဖွင့်အမှာစကားပြောကြားရာ တောင်သူများအနေဖြင့် မျိုးကောင်းမျိုးသန့်များနှင့် စိုက်ပျိုးနည်းစနစ်များ မှန်ကန်စွာပြောင်းလဲ စိုက်ပျိုးခြင်းဖြင့် သီးနှံအထွက်နှုန်းများ အရည်အသွေးကောင်းမွန်လာမည်ဖြစ်ကြောင်း၊ စပါးအထွက်နှုန်းများ ပိုမိုတိုးတက်ရရှိပြီး ကုန်ကျစရိတ်များသက်သာစေရန်အတွက် ဓာတ်မြေဩဇာများ ကိုကိုယ်တိုင်ပြုလုပ်သုံးပြုနိုင်စေရေး ရှင်းလင်းပြောကြားသည်။
ထို့နောက် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးဝင်းထိန်က မိုးစပါး (ထိုင်းနှံကောက်)မျိုးစေ့များ ထောက်ပံ့ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး နေပြည် တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးဝင်းထိန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်းတို့က သရက်တောကျေးရွာအုပ်စုရှိ တောင်သူ(၅၄)ဦး၊ ဘုရားတောင် ကျေးရွာအုပ်စုရှိတောင်သူ (၁၉)ဦး၊ တပ်ရှိန်းကျေးရွာအုပ်စုရှိ တောင်သူ(၁၉)ဦးတို့အတွက် တစ်ဧကလျှင် မိုးစပါးမျိုးစေ့ တစ်တင်းနှုန်းဖြင့် ၁၇၂ ဧကအတွက် တောင်သူစုစုပေါင်း(၉၂)တို့အား မိုးစပါးမျိုးစေ့(၁၇၂) တင်း ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ဒေသခံတောင်သူများ၊ ရပ်မိ၊ရပ်ဖများနှင့်တွေ့ဆုံပြီးစိုက်ပျိုးရေး မွေးမြူရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းလိုအပ်ချက်များ၏ တင်ပြချက်များအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်အဖွဲ့ဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများက တောင်ညိုကျေးရွာအုပ်စု၊ မရမ်းခုံကျေးရွာသို့ရောက်ရှိပြီး တောင်သူဦးမြင့်သိန်း၏ နေကြာမျိုးစေ့ ထုတ်စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများ၊ သဘာဝသစ်ရွက်စိမ်း မြေဩဇာ (ပိုက်ဆံလျှော်) စံပြစိုက်ခင်းတွင် ထယ်မှောက်နေမှုအခြေအနေအားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူများကို အားပေးစကားပြောကြားကာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်စွာဟိန်း(ပြန်/ဆက်)