မူဆယ် ဇွန် ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မြို့တော်ခန်းမ၌ ယနေ့ နံနက် ၉နာရီအချိန်က မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်(ဗဟို)မှ ဦးစီးသင်ကြားပို့ချသော မူဆယ်ခရိုင် လူမှုကူညီရေးအသင်းများမှကြီးမှူး ကျင်းပပြုလုပ်သည့် နိုင်ငံတကာအဆင့်မှီ အရေးပေါ်အသက်ကယ် သင်တန်းမြို့တော်ခန်းမအခမ်းအနားဖြင့် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မူဆယ်ခရိုင် ဒုတိယအုပ်ချုပ်ရေးမှူးဦးမောင်မောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်(ဗဟို)ဥက္ကဋ္ဌ ဦးလှထွန်းက သင်တန်းများကို (၁၅-၆- ၂၀၂၂)မှ (၂၃-၆-၂၀၂၂)အထိ ၉ ရက်တာ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း၊ သင်တန်းကို မူဆယ်မြို့ နမ့်ခွန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် သတ်မှတ်ထားကြောင်း၊ “မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး အသင်းကို ၂၀၁၄ ခုနှစ်ကစပြီး မြန်မာနိုင်ငံမာရှိတဲ့ ပရဟိတအသင်းများကို ကယ်ဆယ်ရေးနည်းပညာများ လက်ဆင့်ကမ်းကာသင်ကြား ပေးခဲ့ပါတယ်၊ အဓိကတော့ သဘာဝဘေးအန္တရာယ်ကြုံလာတဲ့အခါ ယခုသင်ကြားပေးထားတဲ့ နည်းပညာနဲ့ မသေသင့် မသေထိုက် တဲ့ပြည်သူများကို အရေးပေါ်အသက်ကယ်နည်းပညာနဲ့ အချိန်မှီ ကယ်ဆယ်ဖို့အတွက် ရည်ရွယ်သင်ကြားပေးဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်”လို့ သင်တန်းနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး သင်တန်းဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ အလှူငွေများ လှူဒါန်းခဲ့ရာ စုစုပေါင်းအလှူငွေ(၇၃ သိန်း ၅သောင်း)ကို အလှူရှင်များထံမှလက်ခံရရှိကြောင်း သိရသည်။
ယင်းနောက် ယာဉ်တိုက်မှုဖြစ်လျှင်နှင့် သဘာဝဘေးအန္တရာယ်ကျရောက်လျှင် ကယ်ဆယ်ရမည့် နည်းလမ်းများကို သင်တန်းနည်းပြ ဆရာ/ဆရာမများမှ လက်တွေ့သရုပ်ဖော်ပြသခဲ့သည်။ ထို့နောက် သင်တန်းဖြစ်မြောက်ရေး အတွက်ကော်မတီဥက္ကဋ္ဌ ဦးအောင်လှိုင်ဝင်းမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ယင်းသင်တန်းဖွင့်လှစ်ခြင်းကို လားရှိုး၊ သီပေါ၊ မူဆယ်၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မုံးပေါ်၊ မိုင်းရယ်၊ မန္တလေး၊ ရန်ကုန်တို့မှ သင်တန်းတက်ရောက်သူ (၁၀၀)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။
ချယ်ရီမြေ(မူဆယ်)