နမ္မတူ ဇွန် ၁၅
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၈)နာရီခွဲ အချိန်မှစတင်၍ နမ္မတူမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသားကျောင်းသူများအား ပထမအကြိမ် (Sinopharm) အမျိုးအစား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ သိရသည်။
ထိုသို့ ထိုးနှံပေးရာတွင် မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများရှိ အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများအား သတ်မှတ်ကျောင်းများအလိုက် ပထမအကြိမ် (Sinopharm) အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအား ကာကွယ်ဆေးတစ်လုံးလျှင် (၅)ဦးနှုန်းဖြင့် ထိုးနှံပေးခြင်းဖြစ်ကြောင်း နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ အောင်လွင်ထံက သိရသည်။
အဆိုပါ ကာကွယ်ဆေးများထိုးနှံသည့်နေရာသို့ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမင်းထွန်း၊ မြို့နယ်မိခင်နှင့်ကလေးအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကုသရေးနှင့်ပြည်သူကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်လွင်နှင့် မြို့နယ်ပညာရေးမှူး ဦးစောဝင်းဌေးတို့က အနီးကပ်ကြီးကြပ်လျက် မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များမှ စေတနာ့ဝန်ထမ်းများက ဆေးထိုးရန်လာရောက်သည့် ကျောင်းသား/ကျောင်းသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ အောက်ဆီဂျင်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ စာရင်းအချက်အလက်များ ကောက်ယူပေးခြင်းနှင့် လိုအပ်သည်များကို ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နမ္မတူမြို့နယ်တွင် ဇွန်လ(၈)ရက်နေ့မှစတင်၍ အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်ထိ ကျောင်းသားကျောင်းသူ (၈၀၀)ဦးအား ကာကွယ်ဆေး ထိုးနှံနိုင်ခဲ့ပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းထံက သိရသည်။
လူမော်(ပြန်/ဆက်)