ပျော်ဘွယ်မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ပျော်ဘွယ် ဇွန် ၁၅

ရမည်းသင်းခရိုင် အမှတ်(၉၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စုနှင့် ပျော်ဘွယ်မြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာရရှိစေရန်အတွက် ဟောပြောပွဲကျင်းပခြင်းကို ယနေ့နံနက်(၉)နာရီခွဲက အဆိုပါကျောင်းအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်စန်းဦးက အမှာစကားပြောကြားပြီး အမှတ်(၉၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုတိယရဲတပ်ဖွဲ့မှူးကျော်မိုးလှိုင်က လမ်းလျှောက်ရာတွင် သတိမူရမည့်အချက်များ၊ စက်ဘီးစီးရာတွင်လိုက်နာရမည့်အချက်များ၊ လမ်းဖြတ်ကူးခြင်းနှင့် ယာဉ်များမောင်းနှင်ရာတွင် ဆောင်ရန်ရှောင်ရန်များကို အကျယ်တဝင့်ဟောပြောသည်။

အဆိုပါဟောပြောပွဲသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၅၂၀)ဦး တက်ရောက်ခဲ့ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟောပြောခြင်းများကို အမှတ်(၉၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ မော်တော်ကားလမ်းမဘေးရှိ ကျောင်းများတွင် ဦးစားပေးအဆင့်အလိုက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)