မိုင်းယုမြို့၌ စာဖတ်ဝိုင်းပြုလုပ်

မိုင်းယု ဇွန် ၁၅

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယာင်းမြို့နယ်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Book Club အသင်းနှင့် Youth Club အသင်းတို့ စီစဉ်ကျင်းပပြုလုပ်သည့် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသော “တန်ဖိုးရှိလှ လူငယ်ဘဝ”စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးအားချာက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် တန်ဖိုးရှိလှသော လူငယ်ဘဝတွင် စာဖတ်ဖို့လိုအပ်ပြီး စာဖတ်ရုံသာမက လက်တွေ့ပါ အကျိုးရှိစွာအသုံးချသင့်ပါကြောင်း၊ အသိပညာအတတ်ပညာများရရှိစေမည့် စာပေများဖတ်ရှု့မှသာ မိမိတို့ဘဝတိုးတက်ကြီးပွားအောင် စွမ်းဆောင်ပေးနိုင်ကြောင်းနှင့် စာပေမလေ့လာသူတို့အဖို့ အသိပညာဗဟုသုတခေါင်းပါးခြင်း၊ အမြော်အမြင်မရှိခြင်းတို့ကြောင့် တစွတ်ထိုးတဇောက်ကန်းလုပ်တတ်၍ အမှားများနှင့်ကြုံတွေ့တတ်သဖြင့် လူကြီး၊ လူငယ်၊ ကလေးပါမကျန် စာပေဖတ်ရှု့နိုင်ရေးတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် Book Club အသင်း ဥက္ကဋ္ဌ ဦးစိုင်းလှသက်က “စိတ်လှပါစေ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Youth Club အသင်းဝင် ဦးအောင်မျိုးထိုက်က “အပြောနှင့်အလုပ်”ခေါင်းစဉ်နှင့် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်နန်းကောင်ကျောက်က “စာဖတ်ခြင်း၏ အကျိုးကျေးဇူး” ခေါင်းစဉ်တို့ဖြင့် အသီးသီးအပြန်အလှန် ရှင်းလင်းဖတ်ရှု့ခဲ့ကြကြောင်း သိရသည်။

ကိုကိုနိုင်