မဟာအောင်မြေ ဇွန် ၁၅
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးအသင်းတို့ ပူးပေါင်းကျင်းပသော မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး Talk Show ကို ယနေ့နံနက်(၁၁)နာရီက မန္တလေးခရိုင်၊မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဘိုဘိုဟန်က ပြည်သူများနှင့်ကျောင်းသား/ကျောင်းသူများ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုမရှိစေရေးတို့အတွက် အသိ ပညာပေး Talk Show များအား စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မူးယစ်ဆေးပြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း လက်ထောက်ညွှန်ကြားရေးမှူး ဦးညွှန့်မြိုင်နှင့် စေတနာ့ ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးအသင်း (ဗဟို) အတွင်းရေးမှူး ဦးမြင့်သန်းတို့က မူးယစ်ဆေးဝါးအန္တရာယ်နှင့်မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါး သုံးစွဲသူများတွင် ဖြစ်တတ်သည့်လက္ခဏာများ၊ မူးယစ်ဆေးဝါးအားသုံးစွဲခြင်း၊ ဖြန့်ဖြူးခြင်း၊ ထုတ်လုပ်ခြင်းတို့ကိုကျူးလွန်ပါက မူးယစ်ဆေးဝါး ဥပဒေပုဒ်မ(၁၆) အရေးယူခံရမည်ဖြစ်ပြီး ထောင်ဒဏ် ၅နှစ်မှ ၁၀နှစ်အထိ ချမှတ်ခံရမည်ဖြစ်ကြောင်းနှင့် စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးအသင်း(ဗဟို)၏ လုပ်ငန်းစဉ်(၅)ချက်နှင့်မူးယစ်ဆေးဝါး ဆိုးကျိုးများရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဝင် ဦးအုန်းရွှေက မူးယစ်ဆေးဝါးသည် အလွန်အန္တရာယ်ကြီးမားကြောင်း သိကောင်းစရာများ၊ မူးယစ်ဆေးဝါးဖြစ်ပေါ်လာပုံ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေး သည် တစ်မျိုးသားလုံး၏ အဓိကရန်သူဖြစ်ကြောင်း၊မူးယစ်ဆေးသည် HIV/AIDS ရောဂါကူးစက်ပြန့်ပွားစေသောရန်သူဖြစ်ကြောင်းစသည့်များအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။
အောင်ဇော်မင်း