မိတ္ထီလာမြို့နယ် အိုင်ကြီးလည်ကျေးရွာတွင် မိုးနှောင်းချည်မျှင်ရှည်ဝါ အထူးဇုံဧက ၅၀ စိုက်ပျိုးမည့်တောင်သူများအား မျိုးစေ့နှင့်လူးနယ်ဆေးအခမဲ့ပေးအပ်

မိတ္ထီလာ ဇွန် ၁၅

မိတ္ထီလာမြို့နယ် အိုင်ကြီးလည်ကျေးရွာတွင် မိုးနှောင်းချည်မျှင်ရှည်ဝါ အထူးဇုံဧက ၅၀ စိုက်ပျိုးမည့်တောင်သူများအား မျိုးစေ့နှင့်လူးနယ်ဆေးများအခမဲ့ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က အဆိုပါကျေးရွာရှိဘုန်းတော်ကြီးကျောင်းတွင်ပေးအပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဦးတင်ဆန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ငြိမ်းက မိတ္ထီလာမြို့နယ်တွင် မိုးနှောင်းချည်မျှင်ရှည်ဝါအထူးဇုံကို အိုင်ကြီးလည်ကျေးရွာတွင် ဧက ၅၀ နှင့် ရေချိုကျေးရွာတွင် ဧက ၅၀ တို့ကိုအထူးဇုံအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒီလိုအကောင်အထည်ဖော်ဆောင်ရွက်သွားရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးနှောင်းချည်မျှင်ရှည်ဝါစိုက်ပျိုးမည့်ဝါအထူးဇုံးများမှ စိုက်ပျိုးထုတ်လုပ်သည့်ဝါများကို မျိုးစေ့အဖြစ်ကြိတ်ခွဲပြီး ဒေသခံတောင်သူများ မျိုးကောင်းမျိုးသန့်စိုက်ပျိုးနိုင်စေရန် မိုးနှောင်းချည်မျှင်ရှည်ဝါစိုက်ပျိုး မည့်ဒေသခံတောင်သူများအား ဝါမျိုးစေ့နှင့်လူးနယ်ဆေးများအား အခမဲ့ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ပါကြောင်းနှင့် ဝါသီးနှံစိုက်ပျိုးထုတ်လုပ်သည့်နေရာတွင် သိပ္ပံနည်းကျဝါစိုက်ပျိုးနည်းစနစ်များကိုကျင့်သုံးပြီး လိုက်နာဆောင်ရွက်၍ စနစ်တကျစိုက်ပျိုးသွားနိုင်ရန်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဦးတင်ဆန်းနှင့် မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ငြိမ်းတို့က အိုင်ကြီးလည်ကျေးရွာရှိ မိုးနှောင်းချည်မျှင်ရှည်ဝါ အထူးဇုံဧက ၅၀ တွင် စိုက်ပျိုးမည့်ဒေသခံတောင်သူ ၂၀ ဦးအား ချည်မျှင်ရှည်ဝါမျိုးစေ့နှင့် လူးနယ်ဆေးတို့ကို အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဦးတင်ဆန်းနှင့် မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ငြိမ်းနှင့်ဝန်ထမ်းများ၊ မိုးနှောင်းချည်မျှင်ရှည်ဝါစိုက်ပျိုးမည့် ဒေသခံတောင်သူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)