ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ အသက် (၅) နှစ်မှ အသက် (၁၂) နှစ်အထိ အခြေခံပညာ အဆင့်ကျောင်းသား / သူ (၂၇၉) ဦး ကိုဗစ်-၁၉ ကာကွယ်ဆေး (ပထမ)အကြိမ် ဆက်လက် ထိုးနှံပေး

ဒဂုံအရှေ့ ဇွန် ၁၅

ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံကြပါစို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း ရန်ကုန်တိုင်းဒေသကြီး   အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ အသက်(၅)နှစ် မှ အသက်(၁၂)နှစ် အထိ အခြေခံပညာအဆင့် ကျောင်းသား / သူများအား ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိလာစေရန်၊ အတူနေမိသားစုနှင့် ပတ်ဝန်းကျင် သို့ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန် ရရှိစေရန်ရည်ရွယ်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ ဆက်လက်ထိုးနှံ ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းအချိန်က မလစ်ကျေးရွာရှိ အမှတ် (၁၅) အခြေခံပညာ မူလတန်းလွန်ကျောင်း (၁၂၉) ဦး၊ နှင့်‌ (၅၂) ရပ်ကွက် အမှတ်(၁၁) အခြေခံပညာ မူလတန်းလွန်ကျောင်း (၁၅၀) ဦး စုစုပေါင်း (၂၇၉) ဦးအား စုရပ် (၂) ခု သက်မှတ်၍ (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ 

အဆိုပါ ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေးလာရောက်ထိုးနှံသည့် အသက် (၅) နှစ်မှ အသက် (၁၂) နှစ်အထိ အခြေခံပညာအဆင့်  ကျောင်းသား / သူများအား သက်ဆိုင်ရာပုံစံတွင် ဖြည့်သွင်းခိုင်းပြီ မိဘအုပ်ထိန်းသူများ၏ သဘောဆန္ဒအတိုင်း ထိုးနှံပေးလျက်ရှိကြောင်း၊ ထိုကဲ့သို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် လူစုလူဝေး မဖြစ်ပေါ်စေရေးနှင့် လာရောက်ထိုးနှံကြသည့်  ကျောင်းသား / သူများ အနေဖြင့် အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသူ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ပေးမှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူး၊ကျောင်းအကျိုးတော်ဆောင်များ၊ လူမှုကူညီရေးအသင်းဝင်များ ပူးပေါင်း၍ လိုအပ်သည်များကို ဝိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် အသက် (၅) နှစ်မှ အသက် (၁၂) နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဇွန်လ (၂) ရက်နေ့မှစတင်ကာ နေ့ရက်များအလိုက် အခြေခံပညာကျောင်းများ တွင်ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသည့် အခြေခံပညာအဆင့် ကျောင်းသား / သူများအား ဇွန်လ ၁၇ ရက်နေ့အထိ လျာထားသက်မှတ်၍ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးဌာနမှ သတင်းရသည်။

ဝင်းအိမွန်(ပြန်/ဆက်)