မောက်မယ်မြို့နယ်၌ စာဖတ်ဝိုင်းကျင်းပ

မောက်မယ် ဇွန် ၁၅

ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်၉နာရီက “ဆေးလိပ်အန္တရာယ်” စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းမိုခမ်းက “မူးယစ်အစဆေးလိပ်က” ဆိုသကဲ့သို့ ကျောင်းသား/ကျောင်းသူလူငယ်များ မူးယစ်ဆေးဝါးအန္တရာယ်ဆိုးကျိုးများကို ငယ်စဉ်ကပင်နားလည်သိမြင်ပြီး ရှောင်ရှားတတ်စေရန်အတွက် စာဖတ်ဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း မိတ်ဆက်စကားပြောကြားပြီး စာဖတ်ဝိုင်းတွင်“ဆေးလိပ်အန္တရာယ်” စာအုပ်ဖြင့် ကျောင်းသား/ ကျောင်းသူများအလှည့်ကျ ဖတ်ကြားပြီးသိရှိလိုသည်များကိုမေးမြန်းကြရာ မြို့နယ်ဦးစီးမှူး ဒေါ်နန်းမိုခမ်းက ကျောင်းသား/ ကျောင်းသူလူငယ်များ သိရှိလိုသည့်အချက်များကို  စာဖတ်ဝိုင်းတွင် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)