ရွာငံမြို့နယ်တွင်  သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရွာငံ ဇွန် ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ စျေးတန်းရပ်ကွက်အတွင်းသို့ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအဖြစ် ဖုံး၊ သွန်၊ လဲ၊ စစ် ခြင်းများဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးဖျန်းခြင်းများအား ယ​မန်နေ နံနက်ပိုင်းက အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနက ဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင်ကလေးအဖွဲ့ဝင်များမှ တာဝန်ရှိသူများ၊ လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ ပူးပေါင်းအဖွဲ့သည် စေျးတန်းရပ်ကွက်အတွင်းရှိ လူနေအိမ်များအား သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် အဘိတ်ဆေးခတ်ခြင်း၊ ခြင်ခိုအောင်းနိုင်သည့် နေရာများအားရှင်းလင်းခြင်း၊ ခြင်ခိုအောင်းမှုမရှိစေရန် ရေလှောင် ကန်များ၊ ရေပုံးများ၊ ရေမြောင်းများ၊ မိုးရေဝင်နိုင်သည့် အိုးခြမ်းပဲ့၊ တာယာကွင်း စသည့်ခြင်ပေါက်ဖွားနိုင်သည့် နေရာများကို ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းနှင့် ခြင်ဆေးဖျန်း ခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပြည့်ဖြိုးသန့်