အမရပူရမြို့နယ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ပြိုင်ပွဲကျင်းပ

အမရပူရ ဇွန် ၁၅

အမရပူရမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ပြိုင်ပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်စိုးစိုးအေးက အဖွင့်အမှာစကားပြောကြားရာတွင် မူယစ်ဆေးဝါး သုံးစွဲမှုကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးအန္တရာယ်များ၊ မူးယစ်ဆေးဝါးသည် လူသားများကို အညွန့်တုံးစေပြီး ဘဝပြတ်စေသောကြောင့် ဝေးဝေးမှရှောင်ရှားရန်၊ လူငယ်များအနေဖြင့် ဆေးလိပ်၊ အရက်များကို မသုံးစွဲမိစေရန်စသည်တို့ကို အသိပညာပေးပြောကြားပြီး ကဗျာရွတ်ပြိုင်ပွဲကိုကျင်းပရာ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၂) ဦးမှ ဝင်ရောက်ယှဉ်ပြိုင်ကြရာ ဆုရရှိသူများကို တာဝန်ရှိသူအသီးသီးမှ ဆုများပေးအပ်ခဲ့ကြောင်း သိရသည်။

အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ပြပွဲ၊ ပြိုင်ပွဲများ နံရံကပ်စာစောင်ပြသခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စိုးစိုးအေး(ပြန်/ဆက်)