မိုင်းလုံ ဇွန် ၁၅
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နေပြည်သူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်၊ စာအုပ်စာပေချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန်၊ မိဘများအတွက် ကလေးပြုစုပျိုးထောင်ရာတွင် အသိအမြင်ဗဟုသုတများရရှိစေရန်နှင့် လက်တွေ့ဘဝတွင် အသုံးချတတ်စေရန်ရည်ရွယ်၍ စာရေးဆရာ လယ်တွင်သားစောချစ်၏ “ပန်းလိုချင် အပင်ကိုပျိုးတက်မှ” စာအုပ်ဖြင့် ယမန်နေ့ညနေပိုင်းအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်စုစုဝင်းက စာပေချစ်သူများအချင်းချင်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးသည့် အလေ့အကျင့်ရှိစေရန်အတွက် စာဖတ်ဝိုင်းဆောင်ရွက်ရခြင်းနှင့် စာပေမှအသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်ချက်၍ ဆောင်ရွက်ရခြင်းကိုပြောကြားပြီး တက်ရောက်လာသော (Book Club) အသင်းဥက္ကဋ္ဌ ဦးစိုင်းသစ်က “ပန်းလိုချင်အပင်ကိုပျိုးတက်မှ” ခေါင်းစဉ်ပါအကြောင်းအရာများ၊ စိုင်းပွားမှ "ကလေးနှင့်ပတ်ဝန်းကျင်" ခေါင်းစဥ်ပါအကြောင်းအရာနှင့် ဒေါ်နန်းသီတာမှ "ကလေးနှင့်ပညာရေး"ခေါင်းစဉ်ပါအကြောင်းအရာများဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre တွင် တစ်လတစ်ကြိမ် လစဉ်ပုံမှန်ဆောင်ရွက်သွားမည့်အကြောင်းကို မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူးထံက သိရသည်။
ဇော်ဇော်(ပြန်/ဆက်)