လင်းခေးမြို့နယ်မြောက်ပိုင်း ကျေးရွာအုပ်စု(၃)အုပ်စုမှကြီးမှူး၍ သဗ္ဗေညုမင်္ဂလာစေတီထီးတော်တင်ပွဲအခမ်းအနား ကျင်းပ

လင်းခေး ဇွန် ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ် မြောက်ပိုင်းကျေးရွာအုပ်စု(၃)အုပ်စုမှကြီးမှူး၍ သဗ္ဗေညုမင်္ဂလာစေတီ ထီးတော်တင်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက (လင်းခေး-ဝမ်စစ်-ဟိုင်းကွေ့ ကျေးရွာချင်းဆက်လမ်း)ဟွေလိပ်တံတား အနီးရှိ စေတီတည်ရာနေရာ၌ကျင်းပခဲ့ကြောင်း သိရသည်။

ထီးတော်တင်အခမ်းအနား မစတင်မီ မြို့နယ်အတွင်းမှပင့် ဖိတ်သံဃာတော်(၁၀၈)ပါးတို့က ပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ခဲ့ကြသည်။ ယင်းနောက် မင်္ဂလာအချိန်ကျရောက်သော် ဆရာတော်သံဃာတော်များ၊ ကျေးရွာအုပ်စု ဂေါပကအဖွဲ့ဝင်များ၊ ထီးတင်ပွဲကျင်းပရေးကော်မတီဝင်များက ထီးတော်တင်ပစ္စည်းများနှင့် ငှက်မြတ်နားတော်၊ စိန်ဖူးတော်အသီးသီးတို့ကို မင်္ဂလာရထားဖြင့် အဆင့်ဆင့်ပို့ဆောင် ထီးတော်တင်ခြင်း မင်္ဂလာအခမ်းအနားကို ဆောင်ရွက်ခဲ့ကြပြီးနောက် မင်္ဂလာရွှေမိုးငွေမိုးများ ဖြန့်ကြဲပေးခြင်းဖြင့် အခမ်းအနားကို ရုပ်သိမ်းလိုက်ပါသည်။

အခမ်းအနားအပြီး စေတနာအလှူရှင် ဓမ္မမိတ်ဆွေအပေါင်းကသံဃာ (၁၀၈)ပါးထံ ဆွမ်းဆန်စိမ်း နှင့်လှူဘွယ်ဝတ္ထုအစုစုတို့ လောင်းလှူခဲ့ကြပါသည်။ (၃)အုပ်စုဆရာဒကာများက စေတီနံဘေးမျက်နှာစာ၌ လုံမ္ဗနီအင်ကြင်းပင်တစ်ပင်အား စေတီထီးတော်တင်ပွဲ အထိမ်းအမှတ် အဖြစ်အတူတကွ စိုက်ပျိုးခဲ့ကြသည်။

အခမ်းအနားသို့ မြို့နယ်သံဃာ့နာယကဥက္ကဌဆရာတော်ဘဒ္ဒန္ဓဥူးဝိစိတ္တသာရ၊ ဒုတိယဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္ဓစာရိန္ဒ (နားကုန်းကျောင်းတိုက်အုပ် ဆရာတော်)နှင့် လင်းခေးမြို့နယ် အတွင်းရှိသံဃာတော်များ၊ ကျေးရွာဂေါပကအဖွဲ့များ၊ ကျေးရွာအုပ်စု၃အုပ်စုမှ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊"နမ့်ခုံး"ရှမ်းများပရဟိတ၊ လင်းခေးမြို့နယ်အသင်း(ခွဲ)အသင်းဝင်များ၊ အခြားဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ဒေသနေပြည်သူလူထု စုစုပေါင်းအင်အား (၁၅၀၀)ဦးကျော်ခန့်တက်ရောက်ခဲ့ကြသည်။

အဆိုပါ စေတီအား လင်းခေးမြို့နယ်၊ ဟွေဆင်ကျေးရွာဗုဒ္ဓဝိ ဟာရကျောင်းထိုင်ဆရာတော် အရှင်နန္ဒာသီရိကအမှူးပြု၍ ဝမ်စစ်၊ဟိုင်းကွေ့၊နောင်လုံကျေးရွာ အုပ်စု ၃ အုပ်စုရှိ ကျေးရွာအုပ် ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များ ဆရာဒကာစုပေါင်းကာ စေတီတည်ဆောက်ရေး ကော်မတီအစည်းအဝေးကို(၂၅-၁၀-၂၀၂၁)ရက်နေ့၌၎င်း၊ (၁၈-၁၁-၂၀၂၁)နေ့၌မြေသန့် မင်္ဂလာပြုခြင်း၊(၁၅-၂-၂၀၂၂) နေ့တွင် ဘုရားဆင်းတုတော်များ အားဌာပနာသွင်းခြင်း၊(၁၆-၃- ၂၀၂၂)ရက်နေ့၌ဘုရားပင့် ဆောင်မင်္ဂလာနှင့် (၁၅-၄-၂၀၂၂) ၌ဘုရားဆင်းတုတော်အားပလ္လင် တင်ခြင်းမင်္ဂလာအခမ်းအနားများ ဆောင်ရွက်နိုင်ခဲ့ကြပြီး၊ ဖော်ပြပါကျေးရွာအုပ်စု၃စုရှိ ဆရာဒကာများ၊ကျေးရွာသူ ကျေးရွာသားများစုပေါင်းအားဖြင့်  မြို့ရွာအေးချမ်းသာယာဖွံ့ဖြိုးတိုးတက်‌လာစေရေးအား ရည်ရွယ်လျက် ယနေ့ထီးတော်တင်ပွဲ အခမ်းအနားကျင်းသည့် ဤသဗ္ဗေညု မင်္ဂလာစေတီအား တည်ထားကိုးကွယ်ရခဲ့ကြခြင်းဖြစ်ပါကြောင်း ဦးဆောင်ဆရာတော်  နန္ဒသီရိက ဆက်လက်ပြောကြားခဲ့ကြောင်း သိရသည်။

စိုင်းဇော်လတ်(လင်းခေး)