ဒဂုံဆိပ်ကမ်း ဇွန် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာဖတ်သည့်အလေ့အထကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယနေ့ နံနက် ၁၁ နာရီက နယ်လှည့်စာကြည့်တိုက် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက သုတ (၅၀) အုပ်၊ ရသ (၃၀) အုပ်၊စုစုပေါင်း (၈၀) အုပ်ကို သယ်ဆောင်၍ မြို့နယ်စီပင်သာယာ အုပ်ချုပ်ရေးမှူးရုံးသို့ နယ်လှည့်စာကြည့်တိုက်အဖြစ် ကွင်းဆင်း ဆောင်ရွက်ကာ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရုံးအနေဖြင့် mobile စာငှားစနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ စာအုပ်စာစောင်များလှည့်လည်၍ ငှားရမ်းခြင်းများကို နှစ်ပတ်လျှင် (၁) ကြိမ်နှုန်းဖြင့် ဆောင်ရွက်ပေးလျက်ရှိပြီး စာကြည့်တိုက်သို့ မလာရောက် နိုင်သည့် ကလေးငယ်များနှင့် မိဘပြည်သူများအတွက် online မှတစ်ဆင့် ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဖတ်ခြင်း၊ စာအုပ်မိတ်ဆက်ခြင်းနှင့် အခြားဗဟုသုတရဖွယ် အစီအစဉ်များကို တင်ဆက်ပေးလျက်ရှိကြောင်း သတင်းရသည်။
ဖြိုးစန္ဒာကျော်