ဟိုပန် ဇွန် ၁၄
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် ၊ ဟိုပန်မြို့နယ်၊ မြသိန်းတန်ပရိယတ္တိကျောင်းတိုက်၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ အသက်(၅)နှစ်မှ(၁၂)အတွင်းရှိ ရှင်သာမဏေ(၉၅)ပါးအား ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ယနေ့နံနက်(၁၀)နာရီက အဆိုပါကျောင်းတိုက်စုရပ်နေရာ၌ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရာတွင် "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်နွေမိုးအေးနှင့် အသင်းအဖွဲ့ဝင်များ၊ ဟိုပန်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဝင်များပူးပေါင်း၍ ရှင်သာမဏေများအား ကာကွယ်ဆေးမထိုးမီ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ခြင်း၊ ကိုယ်ပူချိန်တိုင်းတာခြင်းနှင့် ကာကွယ်ဆေးထိုးနှံပြီးချိန်တွင် ခေတ္တအနားယူစေခြင်းစသည့် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ကူညီဆောင်ရွက်ပေးခဲ့ကြပြီး အာဟာရမုန့်များလှူဒါန်းခဲ့ကြောင်း သိရသည်။
ဟိုပန်မြို့နယ်တွင် ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ဆေး(Sinopharm)ကို ဇွန်လ (၇)ရက်နေ့မှ စတင်၍ ထိုးနှံပေးလျက်ရှိရာ ယနေ့အထိ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၂၉၃၀)ဦးအား ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း ဟိုပန်မြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီထံမှ သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)