မော်လမြိုင် ဇွန် ၁၄
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ၂၀၂၂ခုနှစ် ဇွန်လ ၁၄ရက်နေ့မှာ ကျရောက်သော ကမ္ဘာ့သွေးလှူဒါန်းရှင်များနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီရုံး၌ ကျင်းပပြုလုပ်ရာ ပြည်နယ်၀န်ကြီးချုပ်တက်ရောက်ခဲ့ ကြောင်း သိရသည်။
အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၂၂ခုနှစ် ဇွန်လ ၁၄ ရက်နေ့ဟာဆိုရင် ကမ္ဘာ့ကြက်ခြေနီအဖွဲ့အစည်းကြီးနှစ်ရပ်ဖြစ်တဲ့ အိုင်စီအာစီနှင့် ဖက်ဒရေးရှင်းတို့က အတည်ပြု သတ်မှတ်တဲ့ ကမ္ဘာ့သွေးလှူရှင်များနေ့ပဲဖြစ်ပါတယ် ကမ္ဘတစ်ဝှမ်းလုံးမှာရှိတဲ့ စေတနာသွေးလှူရှင်များရဲ့ မွန်မြတ်တဲ့ ကရုဏာစိတ်ကို အသိအမှတ်ပြု ဖော်ထုတ်တဲ့ အခမ်းအနားတွေကို ကမ္ဘာကြက်ခြေနီအသင်း၀င် နိုင်ငံတိုင်းမှာ ကျင်းပနေကြသလို အမျိုးသားကြက်ခြေနီ အသင်းတစ်သင်းဖြစ်တဲ့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေဖြင့် ပြည်နယ်/တိုင်းဒေသကြီးတွေမှာ ကျင်းပကြတာ ဖြစ်ပါတယ်၊ စေတနာသွေးလှူရှင်ဆိုတာ သွေး သို့မဟုတ် သွေးအစိတ် အပိုင်းများကို မိမိ၏ သဘောဆန္ဒအလျောက် ပေးလှူပြီး ထိုသို့ ပေးလှူသည့်အတွက် ငွေသားဖြစ်စေ ငွေကြေး အစားထိုးဟု ယူဆနိုင်သော ပစ္စည်းဖြစ်စေ တစ်စုံတစ်ရာ အခကြေးငွေဖြစ်စေ မရရှိသော သွေးလှူရှင်ကို ခေါ်ခြင်းဖြစ်ပါကြောင်း အသက်သည် သွေးဖြင့် ရှင်သန်နေသည်ဆိုသည့်အတိုင်း အသက်ရှင်သန်ဖို့ လိုအပ်နေတဲ့ ဒုက္ခကြုံတွေ့နေရတဲ့ ဝေဒနာရှင်များကို မိမိကိုယ်ခန္ဓာအတွင်းက တန်ဖိုးရှိလှတဲ့ သွေးများကိုထုတ်ပြီး လှူဒါန်းပေးလိုက်ခြင်းဟာ ကြီးမြတ်တဲ့စေတနာ ဖြစ်ပါတယ် သွေးလှူဒါန်းပေးခြင်းဖြင့် အကျိုးအမြတ်ကို မမျှော်လင့်ဘဲ ထက်သန်တဲ့ စေတနာနှင့် လှူဒါန်းသူများဟာ ဂုဏ်ပြုထိုက်သူများဖြစ်ပါကြောင်း၊ ဒီကနေ့ အခမ်းအနားဟာဆိုရင် မွန်မြတ်တဲ့ နှလုံးသားပိုင်ရှင်များကို ဂုဏ်ပြုခြင်းပဲဖြစ်ပါတယ် ဒီလို ဂုဏ်ပြုခြင်းအတွက် ရရှိတဲ့ အကျိုးရလဒ်ကတော့ သွေးလှူရှင်များကို သာမက အခြားသူများကိုပါ သွေးလှူဒါန်းစေဖို့ လှုံ့ဆော်ပေးရာ ရောက်ပါတယ် မြန်မာနိုင်ငံမှာ ၁၉၃၉ ခုနှစ်က စတင်ခဲ့ပြီး ၁၉၄၅ခုနှစ်မှာ ရန်ကုန်၊ မန္တလေး ဆေးရုံကြီးမှာ သွေးလှူဘဏ်များ စတင်ဖွင့်လှစ်နိုင်ကြောင်း သိရပြီး ယခင်အချိန်က သွေးလှူခြင်း အလေ့အထ အလွန်နည်းပါးပြီး သွေးထုတ်ရောင်းသူသာရှိတဲ့အတွက် သွေး၀ယ်နိုင်မှသာ အသက်ရှင်နိုင်တဲ့ ဘ၀မျိုး ကြုံတွေ့ခဲ့ရပါတယ် ၁၉၆၂ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့ကတော့ မြန်မာ့သွေး သမိုင်းစတင်ခဲ့ပြီး “သင့်သွေးဖြင့် အသက်ကယ်ပါ” စတဲ့ ဆောင်ပုဒ်များ ပျံ့လွင့်လာကာ သွေးလှူစနစ်ကို ပြောင်းလဲစေခဲ့ပါတယ်။ နိုင်ငံတော် အစိုးရအနေနဲ့ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည် မြင့်မားရေး ဦးတည်ချက်နှင့်အညီ ကျန်းမာရေးအဆင့်အတန်း မြင့်မားရေး မြို့မ၊ ကျေးလက် ကျန်းမာရေး ကွာဟချက် နည်းလာရေးကို ဆောင်ရွက်ပေးပြီး အထူးကုဆေးရုံကြီးများ ကျန်းမာရေးဌာနများကို တိုးချဲ့ဖွင့်လှစ်ပေးနေတာ တွေ့ရပါတယ် မွန်မြတ်လှတဲ့ စေတနာသွေးလှူဒါန်းခြင်း လုပ်ငန်းကို ဂုဏ်ယူတန်ဖိုးထားပြီး မြတ်နိုးစွာနဲ့ ဆက်လက်ဆောင်ရွက်သွားကြဖို့ မှာကြားခဲ့သည်။
ထိုနောက် အကြိမ် ၁၀ဝ၊ အကြိမ် ၅၀ နှင့်အောက် သွေးလှူဒါန်းခဲ့ကြသော သွေးလှူရှင် စုစုပေါင်း ( ၁၅)ဦး အား ပြည်နယ်၀န်ကြီးချုပ်နှင့် တာ၀န်ရှိသူများက ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ပြီး ပြည်သူ့ဆေးရုံကြီးတွင် သွေးသန့် သွေးလှူ ရှင်(၅၈)ဦး သွေးလှူဒါန်းနေမှု အခြေအနေများအား ကြည့်ရှုအားပေးခဲ့ကာ အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်ခရိုင်ပြန်/ဆက်