ကျိုက်မရော ဇွန် ၁၄
မွန်ပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ဦးဆောင်ဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ အိမ်တွင်းလျှပ်စစ်သွယ်တန်းမှု နည်းပညာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က နတ်စမ်းစံပြကျေးရွာ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင်မွန်ပြည်နယ်၊ အသေးစားစက်မှုလက်မှူလုပ်ငန်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်အိကလျာနိုင်က သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားရာတွင် အသေးစား စက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံစီးပွားဖွံဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည့် မျှော်မှန်းချက်နှင့်အညီ ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ အခြေခံ အိမ်တွင်းလျှပ်စစ်သွယ်တန်းမှုနည်းပညာဖြင့် လုပ်ငန်းခွင်သို့ ဝင်ရောက်နိုင်စေရန်နှင့် တစ်ပိုင်တစ်နိုင်လုပ်ငန်းများ ထူထောင်နိုင်စေရန် မိသားစုတစ်ပိုင်တစ်နိုင်အထောက်အကူပြုစေရန်နှင့် လက်တွေ့အသုံးချနိုင်စေရန်၊ ကျေးရွာသားများ လျှပ်စစ်နည်းပညာကို ကျွမ်းကျင်စွာ တတ်မြောက်စေပြီး အိမ်တွင်းလျှပ်စစ် သွယ်တန်းခြင်းမှအစပြု၍ စက်ရုံ၊ အလုပ်ရုံကြီးများတွင် လုပ်ငန်းခွင် ဝင်ရောက် နိုင်သည်အထိ သင်ကြားပို့ချပေးသွားမှာဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ကျိုက်မရောမြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းစိုးက သင်တန်းပို့ချမည့် ဆရာများ၏ သင်ကြားပေးမှုက သင်တန်းသားများကစနစ်တကျ သင်ယူနိုင်ရန် ဆွေးနွေးမှာကြားပြီး သင်တန်းနည်းပြ လက်ထောက်အင်ဂျင်နီယာ ဦးသက်နောင်နောင်က သင်တန်းတွင်ပို့ချသင်ကြားမည့် လျှပ်စစ်နှင့် ပတ်သက်သည့် သမိုင်း၊ လျှပ်စစ်၏ အရေးကြီးသောအစိတ်အပိုင်းများ၊ လျှပ်စစ်နှင့်ပတ် သက်သည့် ဘာသာရပ်များကို စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြား ခဲ့သည်။
အဆိုပါ အခြေခံ အိမ်တွင်း လျှပ်စစ်သွယ်တန်းမှုနည်းပညာသင်တန်းသို့ နတ်စမ်း ခေတ်မီ စံပြကျေးရွာမှ သင်တန်းသား(၂၀) ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ ယနေ့မှ ဇွန်လ ၃၀ရက် နေ့အထိ (၁၅)ရက် ကြာ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန ညွန်ကြားရေးမှူးထံမှ သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)