ဘီးလင်း ဇွန် ၁၄
သထုံခရိုင်၊ ဘီးလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ Cash For Work စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယနေ့ နေ့လယ်ပိုင်းက အနိုင်းပွန်ကျေးရွာအုပ်စု၊ အင်းဖျားကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ Cash For Work စီမံကိန်းမိတ်ဆက်ရှင်းလင်းပွဲတွင် ဘီးလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမင်းထောစံက စီမံကိန်း အကြောင်းအရာများ၊ ရရှိလာမည့် အကျိုးကျေးဇူးများ၊ ကော်မတီ ဖွဲ့စည်းရာတွင် သတ်မှတ်ထားသည့်အရည်အချင်းများနှင့် လုပ်ငန်းတာဝန်များ စသည်တို့ကို ရှင်းလင်း ပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံများက ကျေးရွာ ကော်မတီဝင် ၅ဦးကို အများဆန္ဒနှင့်အညီ ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ Cash For Work စီမံကိန်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါ အကျိုးဆက် သက်ရောက်ခြင်းခံရသော ကျေးလက်ဒေသများရှိ ပြည်သူများအား ၎င်းတို့ကျေးရွာ၏ ကုန်ထုတ်လုပ်ငန်းနှင့် အခြေခံအဆောက်အအုံဆိုင်ရာ ဖွံဖြိုးရေးလုပ်ငန်းများကို ၎င်းတို့ကိုယ်တိုင် ဆောင်ရွက်စေပြီး လုပ်အားခ ပေးချေခြင်းဖြင့် ကျေးလက်နေပြည်သူ များဝင်ငွေရရှိစေရန်နှင့် ကျေးရွာအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးသည့် လုပ်ငန်းဖြစ်ကြောင်းလည်း သိရသည်။
ထူးနောင် ဘီးလင်း ပြန်/ဆက်