နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ဒက္ခိဏသီရိစက်မှုဇုန်အတွင်းရှိ လုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

နေပြည်တော် ဇွန် ၁၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိစက်မှုဇုန်အတွင်းရှိ လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးနှင့် လိုအပ်သည်များ        ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက Myanmar News Power MotorCycle Co.,Ltd မော်တော်ဆိုင်ကယ် တပ်ဆင် ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းနှင့် MAYLP Agriculture Co.,Ltd စပ်မျိုးစပါးများ ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းလုပ်ငန်းများသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ နေပြည်တော်ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့သည်။

အဆိုပါစက်ရုံများသို့ ကွင်းဆင်းစစ်ဆေးရာတွင် သက်ဆိုင်ရာစက်ရုံတာဝန်ခံများက စက်ရုံများအတွင်း လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက  ပြည်သူတွေအတွက် အလုပ်အကိုင်ဖန်တီးပေးနိုင်မှု၊ လုပ်ငန်းအနေဖြင့်လည်း ထိုက်သင့်သည့်ဝင်ငွေများရရှိမှု၊ နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေများ အပြည့်အဝရရှိရေး၊ ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လည်ပတ်ဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ စက်မှုဇုန်ဖွံဖြိုးတိုးတက်ရေးနှင့် နေပြည်တော်အတွင်း ရင်းနှီးမြှပ်နှံမှု လုပ်ငန်းများမြှင့်တင်ရေး၊  လွယ်ကူချောမွေ့စေရေး အလေးထားဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

အောင်ကိုကို(ခရိုင်ပြန်/ဆက်)