မိုင်းခုတ် ဇွန် ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ၂၀၂၂ ခုနှစ်၊ မိုးရာသီကာလအတွင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ အခမဲ့ ရယူစိုက်ပျိုးနိုင်ရန် ရည်ရွယ်၍ မြို့သစ်တောဦးစီးဌာနက ပျိုးပင်ပေါင်း (၅၀၀၀)ပျိုးထောင်ထားကြောင်း သိရသည်။
သစ်ပင်များစိုက်ပျိုးခြင်းဖြင့် မြေဆီမြေဩဇာတိုးပွားစေပြီး အပူချိန်ထိန်းညှိပေးနိုင်ခြင်း၊ ရေလွှမ်းမိုးခြင်းကို ထိန်းသိမ်းပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်ရေး ၂၀၂၂ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးရန်အတွက် ကျွန်း၊ မယ်ဂျန်ရှား၊ ထင်းရှူး၊ မယ်ဇလီနှင့် စိန်ပန်းစုစုပေါင်းပျိုးပင်(၅၀၀၀)အား သစ်တောဦးစီးဌာန ပျိုးဥယျာဉ်တွင် ပျိုးထောင်ထားကြောင်း မြို့သစ်တောဦးစီးဌာန၊ တောအုပ်ဦးအောင်နိုင်ဦးထံမှ သိရသည်။
အဆိုပါပျိုးပင်များအား တပ်ရင်းတပ်ဖွဲများ၊ ဌာနဆိုင်ရာများ၊ စာသင်ကျောင်းများနှင့် ဒေသခံပြည်သူများသို့ စုစုပေါင်းပျိုးပင်(၁၀၀၀)ကျော် အခမဲ့ဖြန့်ဝေပေးခဲ့ပြီးဖြစ်ပြီး မိုးရာသီကာလအတွင်း သစ်ပင်စိုက်ပျိုးရန် ပျိုးပင်လိုအပ်သူများအနေဖြင့် အမှတ်(၂)ရပ်ကွက်(ဝမ်ဝိန်း)ရှိ မြို့သစ်တောဦးစီးဌာနတွင် အခမဲ့သွားရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)