နေပြည်တော် ဇွန် ၁၄
နေပြည်တော်အတွင်း လယ်ယာမြေများအား အခြားနည်းအသုံးပြုခွင့် ခွင့်ပြုမိန့်ရရှိခြင်းမရှိဘဲ တရားမဝင်ဆောင်ရွက်အသုံးပြုနေမှုများနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က နေပြည်တော်အတွင်းရှိ လယ်ယာမြေများပေါ်တွင် အခြားနည်းများအသုံးပြု၍ မြို့ပြဖွံ့ဖြိုးလာသည်နှင့်အညီ ခွင့်ပြုမိန့်ရရှိခြင်းမရှိဘဲ တရားမဝင်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေသည်ကို တွေ့ရှိရသဖြင့် မလိုလားအပ်သောကိစ္စများမဖြစ်ပေါ်စေရေး သက်ဆိုင်ရာဌာနများအနေဖြင့် ကြီးကြပ်ဆောင်ရွက်၍ နေပြည်တော်ကောင်စီသို့ စိစစ်တင်ပြကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က လယ်ယာမြေများပေါ်တွင် ခွင့်ပြုမိန့်ရရှိခြင်းမရှိဘဲ တရားမဝင်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြာသည့် ဌာနဆိုင်ရာများမှ လယ်ယာမြေများပေါ်တွင် ခွင့်ပြုမိန့်ရရှိခြင်းမရှိဘဲ တရားမဝင်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အောင်ကိုကို(ခရိုင်ပြန်/ဆက်)