သုံးခွ ဇွန် ၁၄
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
သုံးခွမြို့နယ်နေပြည်သူများ၊ ဌာနဆိုင်ရာ၀န်ထမ်းများ၊ စာဖတ်ပရိတ်သတ်များ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးအကြောင်း ကျယ်ကျယ်ပြန့်ပြန့်လေ့လာနိုင်စေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများ၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပိုစတာများ၊ ကွမ်းစားသုံးခြင်း၏ဆိုးကျိုးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးအကြောင်းသိကောင်းစရာများ၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးဆိုင်ရာ အသိပညာပေးစာအုပ်၊ စာစောင်များကို ကဏ္ဍစုံလင်စွာပြသထားကြောင်းသိရသည်။
ယခုလို မူးယစ်ဆေးဝါးအလွဲသုံးမူနှင့် တရားမ၀င်ရောင်း၀ယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲပြုလုပ်ရခြင်းမှာ မြို့နယ်အတွင်းရှိ ပြည်သူများ၊ ကျောင်းသူ၊ ကျောင်းသားများ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်အကြောင်းကိုသိရှိပြီး ရှောင်ရှားနိုင်စေရန်အတွက် နံရံကပ်စာစောင်ပြသခြင်းဖြစ်ပြီး စာပေဖတ်ရူခြင်းဖြစ်လည်း မူးယစ်ဆေးဝါး၏ အန္တရာယ်မှကင်းဝေးစေရန်အတွက်နှင့် မူးယစ်သားကောင်အဖြစ်မှ ရှောင်ရှားနိုင်စေရန်ရည်ရွယ်ပြီး ပြုလုပ်လုပ်ရခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးကပြောကြားခဲ့သည်။
အဆိုပါ မူးယစ်ဆေးဝါးအန္တရာယ် တာဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကို မြို့နယ်အတွင်းရှိ စာပေချစ်သူများ၊ စာဖတ်ပရိတ်သတ်များနှင့် ဌာနဆိုင်ရာ၀န်ထမ်းများက လာရောက်ကြည့်ရူခဲ့ကြပြီး နံရံကပ်စာစောင်ပြပွဲကို ဇွန် ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community centre ခန်းမ၌ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)