ပင်လုံ ဇွန် ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် ပင်လုံတက္ကသိုလ်တွင် ယမန်နေ့မွန်းလွဲ(၁)နာရီက ၂၀၂၁/၂၀၂၂ ခန့်နည်းပြသရုပ်ပြ သစ်လွင်ဆရာ၊ ဆရာမများအား ကြိုဆိုတွေ့ဆုံခြင်းကို ပင်လုံတက္ကသိုလ်ဘက်စုံခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နိုင်ငံတော်အကြီးအကဲ၏ မှာကြားချက်အရ မိမိတို့ အစိုးရအဖွဲ့တာဝန်ယူစဉ်ကာလတွင် လမ်းကောင်းမွန်ရေး၊ လျှပ်စစ်မီးရရှိရေး၊ ဆက်သွယ်ရေးစနစ် ကောင်းမွန်ရေး၊ လူစွမ်းအားဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်ပေးရန် မှာကြားခဲ့ပါကြောင်း၊ ဆရာ၊ဆရာမများ အရည်အချင်းပြည့်ဝပါက ခန့်စာများတင်ပြလာပါက ဆောင်ရွက်ပေးရန်လည်း မှာကြားခဲ့ပါကြောင်း၊ ဆရာ၊ ဆရာမများဖြစ်လာပါက ဆက်လက်ကြိုးစားပေးကြရန် မိမိအနေဖြင့် မှာကြားလိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများကို မိမိ၏သားသမီးလို သဘောထား၍ စာတတ်အောင် သင်ပေးရန်နှင့် စာမေးပွဲဖြေနိုင်အောင် ဆွဲဆောင်ပေးရန်၊ ကျောင်းသား၊ ကျောင်းသူများ(၁)ယောက်သော် လည်းကောင်း၊ (၂)ယောက်သော်လည်းကောင်းစာသင်ပေးရန်နှင့် ဒေသဖွံ့ဖြိုးရေးအတွက် အားလုံးက ပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ဆက်လက်၍ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လှမိုးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပင်လုံတက္ကသိုလ် ဘက်စုံအသုံးပြုရန်အတွက် ထောက်ပံ့ငွေကျပ်(၁၀)သိန်းကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ ပင်လုံတက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာနီလာမြင့်မှ လက်ခံရယူပြီး အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်လှမိုးက ပင်လုံတက္ကသိုလ်အတွက် ထောက်ပံ့ပစ္စည်းပေးအပ်ရာ ဒုတိယပါမောက္ခချုပ် ဆရာကြီးမှ လက်ခံရယူ၍ ပင်လုံတက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာနီလာမြင့်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက နည်းပြသရုပ်ပြ သစ်လွင်ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနုတ်ဆက်ကြကြောင်း သိရသည်။ အဆိုပါ နည်းပြ သရုပ်ပြသစ်လွင်ဆရာ ဆရာမများ စုစုပေါင်း (၉၀)ဦး ရှိကြောင်းသိရှိရသည်။
ထို့နောက် ၂၀၂၂ ခုနှစ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ၊ ခရိုင်ပေါင်းစုံ အသက်(၁၉)နှစ်အောက် ပြည်နယ်ဝန်ကြီးချုပ်ဖလား နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက တက်ရောက်ကာ ဗိုလ်လုပွဲအဖြစ် တောင်ကြီးခရိုင်အသင်းနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှူအားပေးကြရာ တောင်ကြီးခရိုင်အသင်းမှအနိုင်ရပြီး ဆုချီးမြှင့်ပွဲကျင်းပရာ တတိယဆုပူးတွဲရရှိသော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်းနှင့် တာချီလိတ်ခရိုင်အသင်းတို့ကို တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၃)သိန်းစီကို ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးတို့မှ ဆုချီးမြှင့်ပေး၍ လည်းကောင်း၊ ဒုတိယဆုရရှိသော ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအသင်းအားတစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၈)သိန်းကို ပြည်နယ်စီးပွားရေးရာဝန်ကြီးမှ လည်းကောင်း၊ အကောင်းဆုံးဂိုးသမား၊ နောက်တန်း၊ အလယ်၊ ရှေ့တန်းနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆုရရှိသူများကို ဆုတံဆိပ်နှင့် ငွေသားဆု(၅)သောင်းစီကို ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ လည်းကောင်း၊ ပထမဆုရရှိသော တောင်ကြီးခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်ကို ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် ငွေသားကျပ်(၁၀)သိန်းနှင့် ဆုဖလားတို့ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အသီးသီးဆုများ ချီးမြှင့်ပေးကြကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)